ထားမြတ်/People’s Spring
တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့် နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များကို စစ်ကောင်စီက ဖေဖော်ဝါရီအတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ ပြည်သူ ၁၃ဦး သေဆုံးကာ ၃၆ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLAက မတ်လ ၁ရက်ညတွင် အသိပေးသည်။
စစ်ကောင်စီအနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနောင်ချိုမြို့နယ်တိုက်ခိုက်မှုတွင် အဆိပ်ဗုံးအသုံးပြုတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီအတွင်း နောင်ချိုမြို့ သပြေတောင်ရပ်ကွက်၊ဘူတာရပ်ကွက်နှင့် နောင်ချိုပြည်သူ့ဆေးရုံ၊ နောင်ချိုမြို့နယ် လောက်ဖန်းကျေးရွာ၊ ရွှေမုဠောကျေးရွာနှင့် တောင်ရှည်ကျေးရွာတို့ကို လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
အဆိုပါတိုက်ခိုက်မှုများအတွင်း ပြည်သူ ၅ဦး သေဆုံးကာ ၁၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ဖေဖော်ဝါရီ ၁၀ရက်က စစ်ကောင်စီတပ်သည် မိုးကုတ်မြို့အနောက်ပိုင်း ဝန်းထရံရပ်ကွက်အတွင်း လေကြောင်းအသုံးပြုပြီး ဗုံး ၂၀လုံး လာရောက်ကြဲချခဲ့ရာ ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ၁၉ဦး ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။
ထို့ပြင် မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကို လေကြောင်းဖြင့် ဗုံးနှစ်လုံး လာရောက်ကြဲချမှုကြောင့် ပြည်သူသုံးဦး သေဆုံးခဲ့ရပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်များနှင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။
စစ်ကောင်စီအနေဖြင့် အထက်ပါမြို့နယ်သုံးခုကို လေကြောင်းတိုက်ခိုက်ရာ၌ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲတိုက်ခိုက်လာခြင်းဖြစ်ကြောင်း အသိပေးထားသည်။

တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကို ဖော်ပြထားရာ ဖေဖော်ဝါရီ ၂၃ရက်က နောင်ချိုမြို့နယ်၊ တောင်ရှည်နှင့် မန်မော်ကျေးရွာကြားတိုက်ပွဲတွင် စစ်ကောင်စီက အဆိပ်ငွေ့ဗုံးကို အသုံးပြုတိုက်ခိုက်ခဲ့၍ TNLAတပ်သား ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လေးဦး ဒဏ်ရာပြင်းထန်ခဲ့သည်ဟု ဆိုသည်။
TNLAနှင့် စစ်ကောင်စီတပ်တို့သည် တရုတ်အစိုးရ၏ စီစဉ်ပေးမှုဖြင့်ဖေဖော်ဝါရီ ၁၆ရက်နှင့် ၁၇ရက်က တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီသည် ဆွေးနွေးပွဲမတိုင်မီနှင့် ဆွေးနွေးပွဲအပြီး လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုအပြင် စစ်ကောင်စီသည် တောင်ခမ်း၊ နောင်ချို ၊ သပိတ်ကျဉ်း ဒေသများ၌ ထိုးစစ် ပိုတိုးလာကြောင်း TNLAခေါင်းဆောင် ဗိုလ်ချုပ်တားဘုန်းကျော်က ဆွေးနွေးပွဲစတင် သည့်နေ့ ဖေဖော်ဝါရီ ၁၆ရက်တွင် လူမှုကွန်ရက်၌ အသိပေးရေးသားခဲ့သည်။
“နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊မိုးမိတ် ကောင်းကင်ယံမှာ SU-30၊ ဂျက်ဖိုက်တာ၊ Y-8/Y-12 တောက်လျှောက် ပျံသန်းပြီး အသီးတွေ ချချင်သလို ဖောဖောသီသီ ချနေတယ်။ တရုတ် စီစဉ်တဲ့ တွေ့ဆုံဆွေးနွေးပွဲနဲ့ မြန်မာပြည်တွင်း စစ်ပါ။ အရင်းနှီးကတော့ နေ့စဉ်နှင့်အမျှကြီးနေဆဲ”ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ရေးသားခဲ့သည်။
ထို့ပြင် မိုင်းကြောင့် အရပ်သားပြည်သူ သေဆုံးထိခိုက်မှုကိုလည်း အသိပေးထုတ်ပြန်ခဲ့ရာ ဖေဖော်ဝါရီလအတွင်း မိုင်းကြောင့် တအာင်းဒေသ၌ ကလေးငယ် အပါအဝင် ၆ဦးသေဆုံးကာ ၈ဦးဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။
ကွတ်ခိုင်မြို့နယ်တွင် ငါးဖမ်းသွားသည့် ကလေးငယ်များ လက်လုပ်မိုင်းနင်းမိ၍ ၂ဦးသေဆုံး ၂ဦး ဒဏ်ရာရခဲ့ကြောင်း၊ နမ့်ခမ်းတွင် အသက် ၆၀ ကျော်အရွယ်အမျိုးသားတစ်ဦး ကြံခင်း၌ စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိ၍ ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။ သီပေါတွင်လည်း စစ်ပွဲ လက်ကျန်မိုင်းကို ယူဆော့၍ တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။ ထို့ပြင် သီပေါကုန်းစုံရွာမှကလေးငယ် ၂ဦးမိုင်းနင်းမိ၍ ပြင်းထန် ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးသည်။
ယင်းကျေးရွာ၌ပင် ကောက်တွေ့သည့် ဗုံးကို ယူဆော့၍ နှစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။ မုံးစီးမြို့နယ် ဆိုင်ခေါင် ရွာတွင်လည်း ကလေးငယ် နှစ်ဦးလက်ပစ်ဗုံး ဆော့ကစားရာ ပေါက်ကွဲမှုဖြစ်ပြီး တစ်ဦးသေဆုံးတစ်ဦး ဒဏ်ရာရခဲ့သည်။


















































