ဟန်နွေ/People’s Spring
လူမျိုးစုအချင်းချင်းအကြား ညီညွတ်ရေးမှသည် တော်လှန်ရေးအင်အားစုအားလုံး ညီညွတ်ရေးသို့ ရှေ့ရှုကြရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
ယနေ့(မတ်လ ၅ရက်) ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတက ပြောကြားခဲ့ ခြင်းဖြစ်သည်။
“ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ၊ တော်လှန်ရေးအင်အားစုများအကြား ဘုံညီညွတ်ရေး တည်ဆောက်နိုင်ဖို့ကိစ္စကို အလေးအနက်ထား ပြောကြားချင်ပါတယ်။ ဘုံညီညွတ်ရေးလို့ ပြောတဲ့နေရာမှာ၊ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးအတွက် အထူးပြု ရည်ရွယ်တာဖြစ်ပါတယ်။ လူမျိုးစုအချင်းချင်းအကြား ညီညွတ်ရေးမှသည် တော်လှန်ရေးအင်အားစု အားလုံး ညီညွတ်ရေးသို့ ရှေ့ရှုကြဖို့လည်း လိုပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

Public Service Announcement
ချင်းပြည်ကောင်စီ [CC] နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ ချင်းညီနောင် (ICNCC/CB) တို့အကြား ဘုံပေါင်းစည်းမှုတစ်ရပ် လုပ်ဆောင်နိုင်ရန် သဘောတူညီချက် ရရှိခဲ့မှုကိုလည်း ယာယီသမ္မတက အစည်းအဝေး၌ ထည့်သွင်းပြောကြားကာ ဝမ်းသာ ဂုဏ်ယူကြောင်း ဖော်ပြသည်။
“ပြည်တွင်း၊ ပြည်ပက ချင်းလူထုတစ်ရပ်လုံးကလည်း ချင်းညီညွတ်ရေးအပေါ် ဝမ်းမြောက် ဝမ်းသာ ကြိုဆိုကြတာကို တွေ့ရပါတယ်။ နွေဦးတော်လှန်ရေး အတွင်းမှာလည်း ချင်းတို့ရဲ့ ညီညွတ်ရေးဟာ တခြားသော လူမျိုးစုတော်လှန်ရေးအဖွဲ့တွေအတွက် ကနဦး စံပြ ဖြစ်လာဖို့ လိုတယ်လို့ ယူဆပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
စစ်အာဏာရှင်တော်လှန်ရေး၌ အဖွဲ့ပေါင်းများစွာ ထွက်ပေါ်လာခြင်းသည် အင်အားတစ်ရပ် ဖြစ်သော်လည်း တော်လှန်ရေးအဖွဲ့တွေအားလုံးကို ဘုံညီညွတ်ရေးတည်ဆောက်နိုင်ပြီး တစ်စုတစ်စည်းတည်း စုဖွဲ့နိုင်ခြင်းက ပိုပြီး အားကောင်းမှုကို ဖြစ်စေဟု ယာယီသမ္မတက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ နိုင်ငံရေးသမိုင်းကို လေ့လာကြည့်တယ်ဆိုရင် “အကွဲအပြဲဇာတ်လမ်း” တွေနဲ့ ပြည့်နှက်ခဲ့တာကိုလည်း တွေ့ရပါတယ်။ လွတ်လပ်ပြီးခေတ်နောက်ပိုင်းမှာလည်း အကွဲအပြဲ ဇာတ်လမ်းတွေကို တွေ့ရသလို၊ အုပ်စုဖွဲ့ ဂိုဏ်းဂဏ ကွဲပြားမှုတွေလည်း အင်မတန် များပြား ခဲ့ပါတယ်။ အခု နွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့ဟာ အတတ်နိုင်ဆုံး စုစည်းညီညွတ်မှုကို ထိန်းထားနိုင်မှ၊ စစ်အာဏာ ရှင်စနစ် အမြစ်ဖျက်ဖြုတ်ချနိုင်ရေးကို ဆုံးခန်းတိုင်သည်အထိ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
တစ်ဖက်တွင်လည်း စစ်အစိုးရခေတ်အဆက်ဆက် စစ်အစိုးရ ခေါင်းဆောင်များ၏ သွေးခွဲသပ်လျှို ခဲ့ခြင်းကို အားလုံး သတိချပ်သင့်ဟုလည်း ပြောသည်။
” စစ်အစိုးရအဆက်ဆက်ဟာ လူမျိုးစုညီညွတ်ရေးကိုလည်း မလိုလားသလို၊ တော်လှန်ရေး အင်အားစု တွေ အချင်းချင်းအကြား စုစည်းပေါင်းစည်းသွားမှာကိုလည်း မလိုလားပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ “ရန်သူ ဝမ်းသာအောင် မလုပ်သင့်ဘူး” လို့ ယူဆပါတယ်။” ဟု ယာယီသမ္မတက ပြောကြားခဲ့သည်။
ကမ္ဘာ့နိုင်ငံရေးအခြေအနေကို မပြတ်ကြည့်ရှုပြီး အပြောင်းအလဲများနှင့် အတူ လိုက်ပါစီးမျောပြီးမဟာဗျူဟာချည်းကပ်မှုများ ထိရောက်မှုရှိစေရေး လုပ်ဆောင်ရန် ယာယီသမ္မတက ပြောကြားသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက လည်း နိုင်ငံရေးကဏ္ဍ၊ နိုင်ငံခြားရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ လူထုဆက်ဆံရေးကဏ္ဍ များကို ပိုမိုထိရောက် အောင်မြင်စွာလုပ်နိုင်ရေး အားစိုက်လုပ် ဆောင်ရန် တိုက်တွန်း ပြောကြားခဲ့သည်။
