Connect with us

Hi, what are you looking for?

သတင်း

USAID ဖြတ်တောက်မှုတွေကြောင့် မြန်မာပြည်သူတွေ ဆိုးကျိုးခံစားနေရပြီလို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ပြော

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ လူသားချင်း စာနာမှု ရန်ပုံငွေတွေ ဖြတ်တောက် ခံရခြင်းက မြန်မာပြည်သူတွေအပေါ် ပြင်းပြင်းထန်ထန် ဆိုးကျိုးရိုက်ခတ်စေခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က သတိပေး ပြောကြားခဲ့ပါတယ်။

Photo by AFP

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ လူသားချင်း စာနာမှု ရန်ပုံငွေတွေ ဖြတ်တောက် ခံရခြင်းက မြန်မာပြည်သူတွေအပေါ် ပြင်းပြင်းထန်ထန် ဆိုးကျိုးရိုက်ခတ်စေခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က သတိပေး ပြောကြားခဲ့ပါတယ်။

မတ်လ ၁၇ ရက်နေ့တုန်းက ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ တွမ်အန်ဒရူးစ်က USAIDအထောက်အပံ့တွေကို ဖြတ်တောက် လျှော့ချခဲ့တဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ ဘယ်လောက် ဆိုးရွားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေသလဲ ဆိုတဲ့အပေါ် အကျယ်တဝင့် ရှင်းပြသွားခဲ့ပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ရိက္ခာ အထောက်အပံ့တွေ ရုတ်တရက် ဖြတ်တောက် ခံလိုက်ရတဲ့အခါ ရှိရင်းစွဲ အခြေအနေမှာတောင် အရမ်းကျပ်တည်း နစ်မွန်းနေတဲ့ မြန်မာ့ လူသားချင်းစာနာမှုရေးရာ ကဏ္ဍဟာ ဆိုးသထက် ဆိုးသွားခဲ့တယ်လို့ အန်ဒရူးစ်က ပြောပါတယ်။ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက် ရန်လိုမှုတွေကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေဟာ USAID ဖြတ်တောက် ခံရမှုကြောင့် တစ်ပူပေါ် နှစ်ပူဆင့်တဲ့ အခြေအနေ ကြုံလာရတယ်လို့ သူက ဆိုပါတယ်။

Salvatore Di Nolfi/Keystone via AP

USAID အထောက်အပံ့တွေကို အမေရိကန် အစိုးရက ဖြတ်တောက်ပစ်လိုက်တာ သိပ်မကြာလှသေးပေမယ့် အခုကတည်းက မြန်မာပြည်သူတွေအပေါ် ပြင်းထန်တဲ့ သက်ရောက်မှုတွေက ဖြစ်ပေါ်နှင့်နေပြီလို့လည်း အန်ဒရူးစ်က ထောက်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် အစိုးရဟာ USAIDရဲ့ အထောက်အပံ့ အားလုံးနီးပါးကို ရက်ပေါင်း ၉၀ သတ်မှတ်ကာလ တစ်ခု ဆိုင်းငံ့ထားစေပြီး ပြန်လည် ဆန်းစစ်သွားမယ်လို့ ကြေညာထားပါတယ်။ အဲဒီ အတောအတွင်း USAIDရဲ့ ထောက်ပံ့ရေး စီမံကိန်းပေါင်း ၈၀ ရာခိုင်နှုန်းကျော်ကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရိုက ပြောကြားထားပါတယ်။ နိုင်ငံတကာ အထောက်အပံ့တွေကို လျှော့ချခြင်းဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ‘အမေရိကန်သာ ပဓာန’ဆိုတဲ့ နိုင်ငံခြားရေး မူဝါဒကို အကောင်အထည်ဖော်တဲ့ အစိတ်အပိုင်း တစ်ရပ်လို့လည်း သတ်မှတ်နိုင်ပါတယ်။

USAIDရဲ့ ထောက်ပံ့ငွေတွေ ဖြတ်တောက် ခံရရုံသာ မကဘဲ မကြာသေးခင်ကလည်း ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာ ဖြန့်ဝေရေး အေဂျင်စီဖြစ်တဲ့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP)က ရန်ပုံငွေ အကျပ်အတည်းကြောင့် ရိက္ခာထောက်ပံ့မှုတွေ လျှော့ချရမယ်လို့ ကြေညာခဲ့ခြင်းက ပြဿနာတွေကို ပိုပြီး ကြီးထွားစေလိမ့်မယ်လို့လည်း အန်ဒရူးစ်က ထောက်ပြခဲ့ပါတယ်။ သူက မြန်မာနိုင်ငံ အနောက်ဖက်ခြမ်းက စစ်ဒဏ်ခံ ရခိုင်ပြည်နယ်ဟာ အငတ်ဘေးကြီး ဆိုက်လုနီးပါး အခြေအနေနဲ့ ရင်ဆိုင်နေရပြီလို့လည်း သတိပေးထားပါတယ်။

မြန်မာပြည်သူတွေဟာ အမေရိကန်ရဲ့ ရန်ပုံငွေ ရပ်စဲမှုတွေနဲ့အတူ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ ကင်းကွာတဲ့ အခြေအနေတွေ ရှိလာကြောင်း၊ HIV ရောဂါပိုး ရှိနေတဲ့ လူနာတချို့ဟာ လွန်ခဲ့တဲ့ သီတင်း ၇ ပတ်တာအတွင်း ပုံမှန်သောက်ရမယ့် ဆေးတွေကို မရနိုင်ကြတော့ကြောင်း အန်ဒရူးစ်က ပြောကြားသွားပါတယ်။ ဒီကိစ္စမျိုးတွေဟာ လုံးဝ မဖြစ်သင့်သလို သေရေးရှင်ရေး ပြဿနာအဖြစ် သတ်မှတ်သင့်ကြောင်းလည်း သူက ဆိုပါတယ်။

USAID အထောက်အပံ့တွေ ဖြတ်တောက် ခံရမှု နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ မတည်ငြိမ်မှုတွေဟာ ဘေးဒုက္ခ ကြုံနေတဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ လိင်အမြတ်ထုတ်မှု၊ လူမှောင်ခိုမှုတွေ ပိုမိုကြုံတွေ့လာရတဲ့ အခြေအနေမျိုးဆီ ဦးတည်သွားစေနိုင်သလို အိမ်နီးချင်း နိုင်ငံတွေနဲ့ နယ်စပ်ဒေသတွေဆီ မြန်မာဒုက္ခသည်တွေ စုပြုံရောက်ရှိမှု ပိုများလာနိုင်တယ်လို့လည်း အလေးအနက် သတိပေးသွားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ ရန်ပုံငွေတွေ ဖြတ်တောက် လျှော့ချ ခံရမှုဟာ ကမ္ဘာအနှံ့မှာ လူသားချင်း စာနာမှု လုပ်ငန်းတွေအတွက် အကျပ်အတည်းတွေ ကြုံတွေ့လာစေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံရဲ့ ငလျင်ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်နေရင်းမှာပဲ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ ဝန်ထမ်း ၃ ဦးဟာ အလုပ်ထုတ်ပယ်ခံရမယ် ဆိုတဲ့ အကြောင်းကြားမှု ရရှိခဲ့ကြောင်း သိရပါတယ်။

သတင်း

ငလျင်ဘေးသင့် မြန်မာနိုင်ငံကို အမေရိကန် အနေနဲ့ ဘာမှ ထိထိရောက်ရောက် အကူအညီ ပေးနိုင်စွမ်း မရှိတော့ဘူးဆိုတဲ့ စွပ်စွဲချက်တွေကို နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပယ်ချခဲ့ပါတယ်။

အတွေးအမြင်

မြန်မာ့နွေဦးတော်လှန်ရေးနဲ့အတူ အာဏာသိမ်းသက်ရောက်မှုကို ခံရတဲ့ မြန်မာ့လူထုဟာ တရုတ်ရဲ့ တိုက်ရိုက်သက်ရောက်မှုရော၊ အာဆီယံဆီက တဆင့်ခံ သက်ရောက်မှုကိုရော၊ အမေရိကရဲ့ လက်ရှောင်ဗျူဟာသက်ရောက်မှုကိုရော၊ ရုရှရဲ့ ဖျာခင်းဗျူဟာသက်ရောက်မှုတွေကိုပါ စုပြုံခံစားနေကြရပါတယ်။