ကဖေး/People’s Spring
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ရွှေဘို – မြစ်ကြီးနားကားလမ်းပိုင်းရှိ ရေရှင်ကြီးကျေးရွာထိန်းချုပ်နိုင်ရေး စစ်ကောင်စီတပ်စစ်ကြောင်းက ပြင်ဆင်နေပြီး အဆိုပါစစ်ကြောင်းသည် PDFဝတ်ဆုံဝတ်ထား၍ ကားလမ်းဘေးတလျှောက်ကျေးရွာများ စစ်ရေးအခြေအနေသတိပြုရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးသည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် အင်အား ၁၀၀ကျော်ဖြင့် ငှက်ပျောတိုင်း၊ရွာသစ်၊ပေကြီးကျေးရွာဆို့တွင် တပ်စွဲထားပြီး ဆက်လက်စစ်ကြောင်းထိုးရန်ပြင်ဆင်နေသည်ဟု သတင်းရရှိသည်။
” သူတို့ အဓိကဦးတည်နေတာက ရေရှင်ကြီးရွာဖြစ်တယ်။PDF ဝတ်စုံတွေ ဝတ်ထားတယ်။ ရေရှင်ကြီးကိုရမှ သူတို့လမ်းပေါက်မှာ။ အခုအနေခါမှာ ရွှေဘို-မြစ်ကြီးနားကားလမ်းဘေးက ရွာတွေ အကုန်သတိထားဖို့ လိုတယ်ဗျ။ စစ်ရေးအခြေအနေက ဘာမှစိတ်ချလို့မရဘူး”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
ကန့်ဘလူမြို့မှ တင့်ကားတပ်ရင်း(၆၀၀၆)တွင် စုဝေးပြီးနောက် ပျူစောထီးများ၊ စစ်မှုထမ်းသင်တန်းဆင်းများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်သည့် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၅ရက်ကစ၍ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
PDF ဝတ်စုံများဝတ်၍ ပေကြီးကျေးရွာမှ အလှူတစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး အလှူရှင်အပါအဝင် ဒေသခံများအား ဖမ်းဆီးထားသည်။
ထို့အပြင် ကျေးရွာတွင်တပ်စွဲပြီးနောက် ဒေသခံများအား ပြင်ပသို့ထွက်ခွင့်မပေးတော့ကြောင်း ကန့်ဘလူမြို့ခံတစ်ဦးက ပြောသည်။
” ဒီစစ်ကြောင်းကတော်တော်အန္တရာယ်ကြီးတယ်။ PDF ဝတ်စုံတွေဝတ်ပြီးရွာထဲကိုဝင်လာတာ။ ဒေသခံတွေက PDF တွေလို့ထင်တာ။ ရွာသားခြောက်ယောက်ကို သတ်ထားတယ်။ ဒါကြောင့် နောက်ထပ်ဘေးရွာတွေလုံခြုံရေးအတွက် တော်တော် အရေးကြီးတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများရှိနေသည်။ ဖေဖော်ဝါရီနောက်ဆုံးပတ်ကတိုက်ပွဲတွင် စစ်ကောင်စီ၏ ကားတချို့ကို ကာကွယ်ရေးတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့သည်။
လတ်တလော ဒေသတွင်းစစ်ရေးအခြေအနေကြောင့် ကန့်ဘလူမြို့နယ်အတွင်း ရွှေဘို-မြစ်ကြီးနားကားလမ်းဘေး ကျေးရွာများမှ ဒေသခံများတိမ်းရှောင်နေကြရသည်။


















































