တေဇ/People’s Spring
ရန်ကုန် – မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာယာဉ်နှင့် လိုက်ထရပ်ယာဉ် တိုက်မှုဖြစ်ပြီး လူနှစ်ဦးသေဆုံးခဲ့ကြောင်း ယင်းနေရာသို့ သွားရောက်ကူညီခဲ့သည့် ဘုရားကြီးမြို့အရန်မီးသတ်က အသိပေးထားသည်။
မတ်လ ၁၈ရက် နံနက် ၈နာရီခွဲအချိန်ခန့်တွင် ပဲခူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာ ဒေးစွန်ပါဘုရားမုခ်ဦး ဝင်ပေါက်အနီး ယာဉ်တိုက်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး လိုက်ထရပ်ယာဉ်သည် ယာဉ်ကြောမရှင်းသည့် အချိန်တွင် ကွေ့လိုက်သောကြောင့် နောက်မှပါလာသည့် ဆီဘောက်ဆာယာဉ်က ဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါမီးသတ်က ထုတ်ပြန်ထားသည်။
ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်သည် ဆီဘောက်ဆာ အောက်သို့ရောက်ရှိကာ လူများညပ်နေသောကြောင့် ၎င်းတို့အဖွဲ့အနေဖြင့် သွားရောက်ကူညီခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
ယင်းဖြစ်စဉ်၌ လိုက်ထရပ်ယာဉ်ရှေ့ခန်း၌ ပါရှိသည့် ယာဉ်မောင်းနှင့် အခြား အမျိုးသား တစ်ဦးတို့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး နောက်ခန်းတွင် လိုက်ပါလာသည့် အမျိုးသမီး ခုနစ်ဦးအနက် တစ်ဦးစိုးရိမ်ရသောကြောင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့ကြောင်း ယင်းအဖွဲ့က အသိပေးထားသည်။
လိုက်ထရပ်ယာဉ်ပေါ်၌ လိုက်ပါလာသူများသည် ကဝမြို့မှဖြစ်ကြောင်း ဒေသခံတစ်ဦးက မှတ်ချက်ရေးသားထားသည်။
ထို့အပြင် လိုက်ထရပ်ကားများကို ဘုရားဖူးသွားသည့်သူများအနေဖြင့် အသုံးမပြုသင့်ကြောင်း ဖေ့စ်ဘွတ်အသုံးပြုသူများက အကြံပြုထားသည်။
