Connect with us

Hi, what are you looking for?

သတင်း

ငါ့သရောက်တိုက်ပွဲ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တိုက်ခိုက်ခဲ့ဟု ညောင်ဦးပကဖ ပြော

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့သို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက်သူများပြားခဲ့ပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်သည်အထိ တိုက်ခိုက်နိုင်ခဲ့သည်ဟု ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။

မတ်-၂၁၊၂၀၂၅။ဟန်နွေ/People’s Spring

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့သို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက်သူများပြားခဲ့ပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်သည်အထိ တိုက်ခိုက်နိုင်ခဲ့သည်ဟု ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။

တပ်မ(၈၈)လက်အောက်ခံ ညောင်ဦးမြို့အခြေစိုက် အမှတ်(၄၁၅)ခြေမြန်တပ်ရင်း (ခမရ-၄၁၅)သည် စစ်ကြောင်း နှစ်ကြောင်းဖြင့် ငါ့သရောက်မြို့အနီးဝင်ရောက်လာရာ ငါးသရောက် အရှေ့ဘက်ခြမ်းဒေသသို့ ဝင်လာသည့် စစ်ကြောင်းကို မတ်လ ၁၄ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များရှိရာ ပုဂံ၊ညောင်ဦးဒေသတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တိုက်ခိုက်ခဲ့သည်မှာ ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ငါ့သရောက်နယ်မြေထဲကို ဝင်လာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာပေါ့။ စစ်ကြောင်းက နှစ်ကြောင်းဗျ။ စစ်ကြောင်းတစ်ကြောင်းကို အင်အား ၈၀ ခန့်မှန်းခြေလောက်ပါတာပေါ့။ အဲဒီ စစ်ကြောင်း နှစ်ကြောင်းထဲက တကြောင်းကို ကြားဖြတ်တိုက်ခိုက်တာ”ဟု ညောင်ဦးပကဖ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ် ထိခိုက်သေဆုံးသူများပြားခဲ့ပြီး ဖရဲသီးသတင်းပေးချက်အရ သေဆုံးသူ ၇၀ကျော်ရှိသည်ဟု ညောင်ဦးပကဖက ပြောသည်။ စစ်ကောင်စီတပ် သေဆုံးထိခိုက်အခြေအနေနှင့် ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

တိုက်ခိုက်ခံရသည့်စစ်ကြောင်းတွင် ညောင်ဦးမြို့နယ်မှ ခေါ်ယူစုဆောင်းထားသည့် စစ်မှုထမ်းတပ်သားသစ်များနှင့် ပျူစောထီးများ အများအပြားပါဝင်သည်ဟု ညောင်ဦး ပကဖက ပြောသည်။

” ပုဂံဘက်က ပြည်သူ့စစ်တွေတော်တော်များများပါတယ်။ ကျသွားတာလည်း အဲဒီကောင်တွေ ကျတာများတယ်။ ကျတဲ့ထဲ အသိတွေလည်း ပါတယ်”ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေ့တွင် လေယာဉ်လာသော်လည်း လေကြောင်းတိုက်ခိုက်ခြင်းမရှိဟု ပြောသည်။ထို့ပြင် အခြားစစ်ကြောင်းတစ်ခုကလည်း တိုက်ပွဲဖြစ်ရာသို့လာရောက်၍ ကျည်အခက်အခဲကြောင့် ဆုတ်ခွာခဲ့ရဟု ဆိုသည်။

“အဓိက အားသာသွားတာက သူတို့ ခေါင်းဆောင် စစ်ကြောင်းမှူးက အရင်ကျသွားတဲ့အတွက် ကျနော်တို့က သာသွားတာ”ဟု ပကဖ တာဝန်ရှိသူက ပြောသည်။ စစ်ကြောင်းမှူးမှာ ခမရ(၄၁၅)တပ်ရင်းမှ ဗိုလ်ကြီးလှဝင်းနိုင် ဆိုသူဖြစ်သည်ဟု ပြောသည်။

ငါ့သရောက်ဒေသ တိုက်ပွဲသတင်းကို ညောင်ဦးမြို့နယ် ပကဖက သတင်းထုတ်ပြန်ထားရာ တိုက်ခိုက်မှုကို ပုဂံပြည်ဘီလူးတပ်၊ BGF(Burmese Guerrilla Force)၊ တောင်သာ ပကဖ၊ Scorpion People Defense Force၊ ညောင်ဦးခရိုင်တပ်ရင်း(၅)၊ မြင်းခြံခရိုင် တပ်ရင်း(၃) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ဟု အသိပေးသည်။

တိုက်ပွဲအတွင်း ပုဂံပြည်ဘီလူးတပ်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု အသိပေးသည်။ ထို့အပြင် BGF မှ ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း အထိနာသည့် စစ်ကောင်စီတပ်က တပ်အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးခြင်းဆက်လက်ပြုလုပ်နိုင်ခြေရှိသည်ဟုလည်း ညောင်ဦးပကဖက ပြောသည်။

ပြည်သူ့စစ်များအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီအတွက် အသက်အသေမခံဘဲ လက်နက်ချရန် ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းရန်၊ အခွင့်အရေးရပါက အလံဖြူထောင်ရန် ညောင်ဦး ပကဖတာဝန်ရှိသူက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ငါ့သရောက် မြို့က ကျေးရွာတွေကို စစ်တပ်က အင်အားအများအပြားနဲ့စစ်ကြောင်းထိုး‌နေပြီး ပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပုဂံ၊ညောင်ဦးမှာ စစ်တပ်က အင်အားသုံးစစ်ကြောင်းထိုးနေတယ်လို့ ညောင်ဦးပကဖ ပြော

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းကနေ မြောက်ဘက်ကို စစ်တပ်စစ်ကြောင်းထိုးလာပြီး ဒေသခံ ၁၀၀နီးပါးကို ဖမ်းဆီးထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်ကတောင်စလုံးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက်သူတွေများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေနဲ့ မြေပြင်ရဲဘော်တွေက လူထုနွေဦးကို ပြောပါတယ်။