Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို မအုပ်ချုပ်နိုင်ဘဲ တရားသူကြီးများ၏ တရားစီရင်ပိုင်ခွင့်အာဏာကိုမူ တိုးပေး​

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ကိုးကန့် နှင့် ‌ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို အလုံးစုံလက်လွှတ်လိုက်ရပြီး​ အခြားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကိုလည်း အပြည့်အဝမအုပ်ချုပ်နိုင်သော်လည်းစစ်ကောင်စီက ယင်းဒေသများမှ တရားသူကြီးများ၏ တရားစီရင်ပိုင်ခွင့်အာဏာကို ထပ်တိုးပေးလိုက်သည်။

MNDAA က ၁၀၂၇ စစ်ဆင်​ရေးတွင်အပြည့်အဝထိန်းချုပ်ခဲ့​သော ကိုးကန့်​ဒေသမှ ​လောက်ကိုင်မြို့တရားရုံး။ ။ ဓါတ်ပုံ-စစ်​ကောင်စီ

မတ်-၂၈၊၂၀၂၅။ရွှေပြည်စိုး/People’s Spring

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ကိုးကန့် နှင့် ‌ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို အလုံးစုံလက်လွှတ်လိုက်ရပြီး​ အခြားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကိုလည်း အပြည့်အဝမအုပ်ချုပ်နိုင်သော်လည်းစစ်ကောင်စီက ယင်းဒေသများမှ တရားသူကြီးများ၏ တရားစီရင်ပိုင်ခွင့်အာဏာကို ထပ်တိုးပေးလိုက်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ နှင့် ခရိုင်တရားသူကြီးများအား တန်ဖိုးကျပ် သိန်း ၅၀,၀၀၀ ထက်မပိုသည့် တရားမမူလမှု သို့မဟုတ် မူလမှုခင်း များကို စီရင်ရန် စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်ခြင်းဖြစ်သည်။

ဒုတိယကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး၊ ဒုတိယကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ နှင့် ဒုတိယခရိုင်တရားသူကြီးများအား တန်ဖိုးကျပ် သိန်း ၃၀,၀၀၀ ထက်မပိုသည့် တရားမမူလမှု သို့မဟုတ် မူလမှုခင်း များကို စီရင်ရန် စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီး၊ ခရိုင်တရားသူကြီးသည်မြို့နယ်တရားရုံးက တရားမမူလမှု သို့မဟုတ် မူလမှုခင်းတွင် ချမှတ်သော ဒီကရီ သို့မဟုတ် အမိန့်အပေါ် အယူခံမှု သို့မဟုတ် ပြင်ဆင်မှု ကို စီရင်ရန်စီရင်ပိုင်ခွင့်အာဏာရှိသည်ဟု ဆိုသည်။တွဲဖက်ခရိုင်တရားသူကြီး၊ ဒုတိယကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး၊ ဒုတိယကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီး၊ ဒုတိယခရိုင်တရားသူကြီးသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီး၊ ခရိုင်တရားသူကြီးက လွှဲအပ်သည့် တရားမ အယူခံမှု သို့မဟုတ် ပြင်ဆင်မှုကို စီရင်ရန် စီရင်ပိုင်ခွင့်အာဏာရှိသည်ဟုလည်းဆိုထားသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီး သို့မဟုတ် ခရိုင်တရားသူကြီးသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ညွှန်ကြားချက်နှင့်အညီ မိမိရုံးရှိ အခြားတရားသူကြီးတစ်ဦးဦးအား အမှုများကို စစ်ဆေးစီရင်ရန် လွှဲအပ်နိုင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီး သို့မဟုတ် ခရိုင်တရားသူကြီး ခေတ္တရုံးမထိုင်နိုင်သည့်အခါ ၎င်းက တာဝန်လွှဲအပ်ထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့မဟုတ် ခရိုင်အဆင့် တရားသူကြီးသည် အမှုများကို စစ်ဆေးစီရင်ရန် လွှဲအပ်နိုင်သည်ဟု ဆိုသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီး သို့မဟုတ် ခရိုင်တရားသူကြီးသည် မိမိကလွှဲအပ်ထားသောအမှုကို ပြန်လည်တောင်းခေါ်၍ မိမိကိုယ်တိုင် စစ်ဆေးစီရင်ခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ခရိုင်အဆင့် အခြားတရားသူကြီးတစ်ဦးအား စစ်ဆေးစီရင်ရန် အတွက် လွှဲအပ်ခြင်း လုပ်ပိုင်ခွင့်များ ကျင့်သုံးနိုင်သည်ဟု ဆိုသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီး၊ ခရိုင်တရားသူကြီး၊ တွဲဖက်ခရိုင်တရားသူကြီး၊ ဒုတိယကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး၊ ဒုတိယကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးနှင့် ဒုတိယခရိုင်တရားသူကြီးများသည် မိမိစီရင်ပိုင်ခွင့်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ခရိုင်အတွင်း တရားရုံးတစ်ရုံးမှ အခြားတရားရုံးတစ်ရုံးသို့ အမှုလွှဲပြောင်းပေးမှုကို စီရင်နိုင်သည်။ ထိုအပြင် မိမိ၏ဆုံးဖြတ်ချက်အရ လွှဲပြောင်းရယူသောအမှုကို စီရင်နိုင်သည်ဟု ဆိုသည်။

စစ်ကောင်စီသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကိုလည်းမအုပ်ချုပ်နိုင်တော့ဘဲ ယင်းဒေသများမှ တရားသူကြီးများ၏ တရားစီရင်ပိုင်ခွင့်ကို ထပ်တိုးပေးလိုက်ခြင်းသည် အံ့ဩစရာကောင်းကြောင်း အငြိမ်းစားတရားသူကြီးတစ်ဦးကပြောသည်။

“တရားစီရင်မှုအာဏာမသက်ရောက်တဲ့ ဒေသတွေကို သူ ဘယ်လိုစီမံခန့်ခွဲမှာလဲ။ တရားသူကြီးတွေတောင်ထွက်ပြေးနေရတာလေ။ အခုက သူထိန်းချုပ်ထားတဲ့ဒေသတွေကတရားသူကြီးတွေကတော့ ပိုပြီးလုပ်ပိုင်ခွင့်ရသွားတာပေါ့”ဟု အဆိုပါတရားသူကြီးကပြောသည်။

လက်ရှိတွင် မြန််မာနိုင်ငံရှိ မြို့ပေါင်း ၃၃၀ အနက် စစ်ကောင်စီက ၁၀၇ မြို့ကိုသာ အုပ်ချုပ်ထားနိုင်ပြီး ၄၈ မြို့ကို တော်လှန်ရေးအင်အားစုများက အပြီးသတ်သိမ်းပိုက်ထားကာ ၉၆ မြို့နယ်ကို နယ်မြေအုပ်ချုပ်ရေးလုပ်ငန်းများ ချမှတ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၅ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ရန်ကုန်နှင့်နေပြည်တော်မှလွဲ၍ ကျန်ဒေသများတွင်တိုက်ပွဲများဖြစ်နေပြီး စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားလည်း အပြည့်အဝလည်ပတ်ခြင်းမရှိပေ။ တိုက်ပွဲဖြစ်ရာဒေသများမှ တရားသူကြီးများသည် နေပြည်တော်နှင့် ရန်ကုန်သို့ထွက်ပြီးလာခဲ့ကြရပြီး စစ်ကောင်စီက ရုံးလုပ်ငန်းပိုင်းဆိုင်ရာဌာနများတွင် တာဝန်ပေးထားသည်။

စစ်ကောင်စီ၏ ယခု အစီအစဉ်နှင့်ပတ်သက်၍ ဥပဒေ‌ရေးရာကျွမ်းကျင်သူတစ်ဦးက”တရာမစီရင်ပိုင်ခွင့်တိုးပေးတာပါ။ ငွေကြေးဖောင်းပွမှုရဲ့ပုံရိပ်ပေါ့။ ဒေသအားလုံးကတော့သူတို့ထိန်းချုပ်မရတော့ဘူး” ဟု မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ ရှိနေသည်။ကိုးကန့်နှင့် ‌ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို ၁၀၂၇စစ်ဆင်ရေးနှင့်အတူ MNDAA နှင့် TNLAက အပြည့်အဝထိန်းချုပ်ထားပြီး တိုက်ပွဲကာလအတွင်း တရားသူကြီးများထွက်ပြေးခဲ့ကြရသည်။

ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လည်း တိုက်ပွဲများပြင်းထန်နေသလို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လည်း စစ်ရေးတင်းမာနေသည်။ ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာမူ မူလကတည်းကပင် ပြည်မအစိုးရ၏ တရားစီရင်မှုအာဏာမသက်ရောက်ဘဲ ကိုယ်တိုင်စီရင်ခြင်းဖြစ်သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တိုက်ပွဲများမရှိသော်လည်း စစ်ကောင်စီခန့်တရားသူကြီးများ အပြည့်အဝ နေထိုင်ခြင်းမရှိကြောင်း သတင်းရရှိသည်။

အဆိုပါအမိန့်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးအမိန့်ဖြင့် မတ်လ၂၆ရက်တွင်ထုတ်ပြန်ခဲ့ပြီး လာမည့် ဧပြီလ ၂၅ရက်၌ စတင်အကျိုးသက် ရောက်မည်ဖြစ်သည်။ဦးသာဌေးသည်၂၀၂၃ ခုနှစ် ဩဂုတ်လ ၂ရက်တွင် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှရုတ်တရက်အနားယူသွားခဲ့သည့် ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦး၏ နေရာ၌ စစ်ကောင်စီက အစားထိုးခန့်အပ်ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။