Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးကြောင့် ပူဆွေးသောကရောက်နေချိန် စစ်ကောင်စီက ဒီးမော့ဆိုအနောက်ခြမ်းကို လေကြောင်းမှ ဗုံးကြဲပြန်

ငလျင်ဘေးကြောင့် တနိုင်ငံလုံး ပူဆွေးသောကရောက်နေချိန်တွင် စစ်ကောင်စီက ယနေ့(မတ်လ ၃၀ ရက်) ညနေ ၄နာရီခန့်တွင် ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာကို ပေါင် ၃၀၀နှင့် ၅၀၀ ဗုံးများကြဲတိုက်ခိုက်ခဲ့သည်။

ယနေ့ညနေပိုင်းက ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအပြီး တွေ့ရစဥ်။ ဓာတ်ပုံ - CJ

■ရွံ့ရှာဖွယ်လုပ်ရပ်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီပြော

■လွိုင်ကော်-ဆီဆိုင်လမ်းမကြီး၌တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် လေးဦးသေ

မတ် -၃၀၊၂၀၂၅။ရဲခေါင်/People’s Spring

ငလျင်ဘေးကြောင့် တနိုင်ငံလုံး ပူဆွေးသောကရောက်နေချိန်တွင် စစ်ကောင်စီက ယနေ့(မတ်လ ၃၀ ရက်) ညနေ ၄နာရီခန့်တွင် ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာကို ပေါင် ၃၀၀နှင့် ၅၀၀ ဗုံးများကြဲတိုက်ခိုက်ခဲ့သည်။

လက်ရှိကြုံတွေ့နေရသည့် ငလျင်ဘေးကို ပြည်သူများခံစားနေရချိန်တွင် တိုက်ပွဲလုံးဝမရှိဘဲ ပြည်သူများနေထိုင်သည့် ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာကို ဗုံးကြဲခဲ့မှုသည် ရွံ့ရှာဖွယ်လုပ်ရပ်ဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)တွဲဖက် အတွင်းရေးမှူးဦးဗညားက ပြောသည်။

“လူသားချင်းစာနာမှုဆိုင်ရာ ရှုထောင့်ကပဲ ကြည့်ကြည့် လက်ရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စတွေမှာ ပိုအားကောင်းဖို့အတွက်လုပ်ရမယ့် ကိစ္စတွေရှိပါတယ်။ ဒီလိုအခြေအနေမှာ အခု စစ်ကောင်စီရဲ့လုပ်ရပ်သည် လူသားဆန်မှုကင်းမဲ့တဲ့လုပ်ရပ်လို့ ပြောရမယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတွင် အဆောက်အဦးအချို့သာပျက်စီးခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏ လက်ရှိအကူအညီတောင်းခံထားမှုတွင် မြေပြင် အခြေအနေ ထိရောက်အောင် တိကျစွာကူညီရန်လိုပြီး စစ်ကောင်စီ ပိုမိုသက်ဆိုးရှည်မည့်လုပ်ရပ်များရှောင်ရှားပေးရန်နှင့် လူထုအပေါ် အကျိုးသက်ရောက်မှုရှိမည့် ချဥ်းကပ်မှုများလိုအပ်ကြောင်း ဦးဗညားက တိုက်တွန်းသည်။

​ငလျင်ဘေးအန္တရာယ်ကြောင့် ကရင်နီပြည်နယ်တွင် ကြီးမားသည့် ထိခိုက်မှုမရှိခဲ့ဘဲ ကရင်နီပြည်အတွင်း လာရောက်ခိုလှုံလိုသော ပြည်သူများရှိပါက ခိုလှုံနိုင်ကြောင်းနှင့် အတတ်နိုင်ဆုံး ကြိုဆိုပံ့ပိုးပေးမည်ဟု IECက ဖိတ်ခေါ်ထားသည်။

ထို့အပြင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကရင်နီပြည်အတွင်း အင်အားစုများနှင့် ပူးပေါင်း၍ ငလျင်ဒဏ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသော ပြည်သူများအတွက် ပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

နိုင်ငံ့တစ်ဝန်း ငလျင်ဒဏ်သင့်ပြည်သူများကို အရေးပေါ် ကူညီရေးနှင့် ကယ်ဆယ်ရေးလုပ်ဆောင်နိုင်ရန် ယနေ့ (မတ်လ ၃၀ ရက်)မှ ဧပြီ ၁၂ ရက်အထိ နှစ်ပတ်ကြာ ထိုးစစ်များရပ်တန့်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)က ကြေညာထားသည်။

သို့သော်စစ်ကောင်စီသည် အင်အားပြင်း ငလျင်လှုပ်ခတ်သည့်နေ့ပင် ချောင်းဦး၊ဖြူးနှင့် နောင်ချိုမြို့ တို့ကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံး သူများရှိခဲ့သည်။

ထို့အပြင် လွိုင်ကော်-ဆီဆိုင်လမ်းမကြီး၌ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် သားလေးဦးသေဆုံးကာ လက်နက်ငယ်တစ်လက်သိမ်း ဆည်းရရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗျူဟာအမှတ်- ၂ က ယနေ့(မတ်လ ၃၀ ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်မှာ မတ်လ ၂၉ရက်က လွိုင်ကော်- ဆီဆိုင်လမ်းမကြီးပေါ် စစ်ရေးလှုပ်ရှားလာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဟု အသိပေးသည်။

ထို့အပြင် လွိုင်ကော်-ဆီဆိုင် လမ်းမကြီးအား စစ်ရေးတင်းမာမှုများကြောင့် ပိတ်ထားဆဲဖြစ်ပြီး ပြည်သူများ အနေဖြင့် စစ်ရေးသတိရှိစွာထားရန် KNDF ဗျူဟာ(၂)က တိုက်တွန်းထားသည်။

တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၍ လွိုင်ကော်-ဆီဆိုင်လမ်းပိုင်းကို မတ်လ ၂၀ ရက်ကတည်းက KNDF ဗျူဟာ အမှတ်(၂)က ပိတ်ပင်ထားသည်။

“ဆီဆိုင်မြို့ကို စကစ ဘက်က ခုရက်ပိုင်း အင်အားအလုံးအရင်းဖြည့်နေတယ်။နောင်ထော်ဘက်ကို လေကြောင်းနဲ့ ဗုံးကြဲတာတွေလည်း ရှိသေးတယ်။ဆီဆိုင်-လွိုင်ကော်လမ်းကနေပဲ ကရင်နီဘက်ကို ဝင်မှာလား။တပ်အချိန်းအပြောင်းလုပ်တာလား။ဒါမှမဟုတ် အင်အား ထပ်တိုးတာလည်းဖြစ်နိုင်တယ်”ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။

ရှမ်းပြည်တောင်ပိုင်းမှ ကရင်နီပြည်နယ်သို့ ဝင်ရောက်နိုင်သည် လမ်းမနှစ်ခုအနက် ဆီဆိုင်-လွိုင်ကော် နှင့် ပင်လောင်း -ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းတို့ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က အောက်တိုဘာနောက်ဆုံးပတ်အတွင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ပြည်သူလူထုနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၉ရက်ညနေပိုင်းနဲ့ ညပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့လို့ အဆောက်အအုံများစွာ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။