Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဗဟိုချက် စစ်ကိုင်းမြို့သို့ ကူညီကယ်ဆယ်ရေးအဖွဲ့များရောက်ရှိရန် ခက်ခဲနေ

အရေးပေါ် တုန့်ပြန်ရေးအဖွဲ့ SRSFဖွဲ့စည်းရန် စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု ဆုံးဖြတ်

ဖျက်အားပြင်းငလျင်ကြီး၏ အနီးဆုံးမြို့ဖြစ်​သော စစ်ကိုင်းမြို့တနေရာရှိ ပျက်စီးမှုများ။ ဓာတ်ပုံ - KO M

မတ် ၃၀၊ ၂၀၂၅။ လီလီယန်/People’s Spring

အင်အားပြင်းငလျင်ဗဟိုချက် စစ်ကိုင်းမြို့သို့ ယနေ့(မတ်လ ၃၀ရက်)အထိ ကူညီကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိရန် အခက်အခဲရှိနေပြီး ငလျင်လှုပ်ခတ်အပြီး နှစ်ရက်ကြာသည်အထိ ပိတ်မိနေသူများကို ကယ်ထုတ်နိုင်ခြင်းမရှိသေးကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။

မတ်လ ၂၈ရက် နေ့ခင်းက ရစ်ချ်တာစကေး ၇.၇ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ခြင်းကြောင့် မြို့၏ ၈၀ရာခိုင်နှုန်း ပျက်စီးခဲ့သော စစ်ကိုင်းမြို့တွင် အင်တာနက်လိုင်းနှင့် VPN ဖြတ်ခံထားရခြင်းနှင့် လျှပ်စစ်မီးများ ပြတ်တောက်နေခြင်းကြောင့် သတင်းများ မရောက်ရှိခြင်း၊ စစ်ကိုင်းတံတားကျိုးကျခြင်းနှင့် စစ်ကောင်စီက မြို့ထဲပေးမဝင်ခြင်းကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိရန်ခက်ခဲနေပြီး နိုင်ငံတကာ အကူအညီများ မရောက်ရှိခြင်းများ ကြုံတွေ့နေရကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ယနေ့ ထုတ်ပြန်သည်။

“မြို့တွင်းကယ်ဆယ်ရေးက နည်းနည်းပဲရှိနေသေးတာ။ ပိတ်မိနေတဲ့ dead body တွေ ကျန်နေသေးတယ်” ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။ စစ်ကိုင်းမြို့တွင် သေဆုံးသူအရေအတွက်မှာ ခန့်မှန်းမရနိုင်အောင်ပင် များပြားနေပြီး သတင်းရင်းမြစ်အချို့ကမူ သေဆုံးသူ ၆၀၀ ခန့် ရှိကြောင်း ပြောသည်။ လူနေအိမ် ၁၆၀၀ ကျော်ထိခိုက်ပျက်စီးခဲ့ရပြီး ထိခိုက်သူ အရေအတွက်မှာလည်း ရေတွက်၍ပင် မရကြောင်း သတင်းရင်းမြစ်က ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းမြို့အခြေအနေကို သိရှိသူတစ်ဦးကလည်း “စစ်ကိုင်း ကူညီကယ်ဆယ်ရေး တော်တော်လိုနေပါတယ်။ ဒီနေ့အချိန်အထိ ကူညီကယ်ဆယ်ရေးတွေ အားနည်းနေတုန်းပါပဲ။ ကျွန်တော်တို့ ကိုယ်ထူကိုယ်ထ လုပ်နေကြရပါတယ်။ စေတနာရှင်တွေ လာကူတာရှိတယ်” ဟု ယနေ့ညပိုင်းတွင် ပြောသည်။

ငလျင်ကြောင့် စစ်ကိုင်းတံတားအဟောင်း ကျိုးကျသွားခဲ့ပြီး တံတားအသစ်ကို ယနေ့အထိ စစ်ကောင်စီက ယာဥ်ငယ်များကိုသာ အစီးရေအနည်းငယ် အကန့်အသတ်ဖြင့် သွားခွင့်ပြုထားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ပြည်သူအများစုမှာ ဧရာဝတီမြစ်ကို ဇက်ဖြင့်သာ အဓိကအားပြု ကူးသန်းသွားလာနေရကြောင်း ဒေသခံများက ပြောသည်။

အလောင်းများ အပုပ်နံ့ထွက်နေပြီး အခြေခံစားသောက်ကုန်ပစ္စည်းများ ပြတ်လပ်နေခြင်းကြောင့် သောက်သုံးရေ၊ အလောင်းအိတ်၊ ဆေးဝါးများ၊ အသက်ကယ်ပစ္စည်းများ၊ စားနပ်ရိက္ခာ၊ နားခိုရာ နေရာ၊ လူအင်အား စသည့်လိုအပ်ချက်များစွာ ရင်ဆိုင်နေရပြီး ဒေသခံအချင်းချင်း ကူညီနေရကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက အသိပေးသည်။

စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုသည် အထက်ပါအခြေအနေများကို ထိခိုက်ခံစားနေရသော ပြည်သူများနှင့်အတူ အတူတကွ ရင်ဆိုင်ကျော်ဖြတ်ရန်နှင့် အချင်းချင်း ကူညီဖေးမနိုင်ရန်အတွက် Emergency Response Team – SRSF ကို ချက်ချင်း ဖွဲ့စည်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ယနေ့ ကြေညာသည်။

ထို့အပြင် ယခုကဲ့သို့ ကြုံတွေ့ရမှုသည် သဘာဝဘေးအန္တရာယ်ကြောင့်ဟု ဆိုသော်လည်း စစ်ကောင်စီ၏ စစ်အာဏာရှင်စနစ်ကြောင့် သတင်းအချက်အလက် အမှောင်ချခံရခြင်း၊ စစ်မှုထမ်းဥပဒေအရ ဖိနှိပ်ခြင်း၊ ပြင်ပကူညီပေးနိုင်မှုများအား ထိန်းချုပ်ကန့်သတ်ခြင်းတို့ကြောင့် ဆုံးရှုံးသည်ထက် ပို၍ ဆုံးရှုံးရခြင်း၊ ပို၍ ထိခိုက်နစ်နာခံစားရခြင်းဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ခိုင်မာစွာ ယုံကြည်လက်ခံထားကြောင်း ဖော်ပြသည်။

စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုသည် စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ကူညီဖေးမနိုင်ရန်အတွက် လူသားစာနာအကူအညီများ ထောက်ပံ့နိုင်ရေးနှင့် လူထုတိုက်ပွဲ သပိတ်လက်နက်ကို ကိုင်စွဲ၍ တုံ့ပြန်နိုင်ရေး နည်းလမ်းနှစ်သွယ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။