ဧပြီ ၁၊၂၀၂၅။ ရဲခေါင်/People’s Spring
အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းတွင် အနက်နှင့်အကျယ် ပေ ၁၀၀ခန့်ရှိ တွင်းနက်ကြီးတစ်ခုတွေ့ရှိကြောင်း ဒေသခံနှင့် ပြည်နယ် တာဝန်ရှိသူအချို့က ပြောသည်။
စစ်ကိုင်းကိုဗဟိုပြုသည့် အင်အားပြင်ငလျင်လှုပ်ခတ်မှုအပြီး နောက်တစ်ရက်အကြာ(မတ်လ ၂၉ ရက်)တွင် အသေးစားမြေကြီးအက်ကွဲမှုကစအပြု၍ ယခုကဲ့သို့ တွင်းနက်ကြီးဖြစ်လာခဲ့ခြင်းသည်ဟု ဆိုသည်။
“ မြေငလျင်ကြောင့်ပဲ ကနဦးမှတ်ချက်ပြုလို့ရပါတယ်” ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးဗညားက တွင်းနက်ဖြစ်ပေါ်လာမှုကို ရှင်းပြသည်။

Public Service Announcement
ထိုကဲ့သို့ သဘာဝအလျောက်ဖြစ်လာစေသည့် တွင်းမျိုးသည် ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့တွင် မကြာခဏ ဖြစ်လေ့ရှိသော်လည်း ယခုကဲ့သို့ကြီးမားသည့် တွင်းမျိုးမဟုတ်ဟု ဦးဗညားက ဆိုသည်။
“ လူထိခိုက်တာတော့ မရှိဘူး။တွင်းကတော့ ဆက်ပြိုနေတာရှိလို့ အနားတစ်ဝိုက် အသွားအလာမလုပ်ဖို့ကိုတော့ သတိပေးတာတော့ရှိတယ်” ဟု ကရင်နီပြည်နယ်ရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထိုဖြစ်စဥ်နှင့်ပတ်သက်၍ Sinkhole( မြေပြင် မျက်နှာပြင်အောက်က ကျောက်လွှာတွေ သို့မဟုတ် မြေလွှာတွေ ပြိုကျပြီး မြေပြင်ပေါ်မှာ ရုတ်တရက် ချိုင့်ခွက်ကြီးဖြစ်ခြင်း)အသေးလေးဖြစ်လာခြင်းဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ယက်မှတဆင့် အသိပေးထားသည်။
“ အကြမ်းအားဖြင့် Sinkholeတွေက ထုံးကျောက် ကြွယ်ဝတဲ့ မြေအမျိုးအစားတွေမှာ ဖြစ်တတ်ပါတယ်” ဟု ၎င်းက ပြောသည်။



















































