ဧပြီ-၆၊၂၀၂၅။ရဲခေါင်/People’s Spring
မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်ကဂရိတ်ဝေါလ်ဟိုတယ်ကို ရှာဖွေကယ်ဆယ်ရေးရပ်နားပြီး အပြီးသတ်ဖြိုချခဲ့တယ်လို့ အဆောက်အအုံရှင်းလင်းရေးအဖွဲ့မှာပါဝင်သူတွေကပြောပါတယ်။
ဒီကနေ့ ဧပြီ ၆ရက် နံနက်ပိုင်းမှာဟိုတယ်ရှေ့ရှိ ၇၈ လမ်းမကြီးကိုပိတ်ပြီး ဖြိုချခဲ့တာလို့ သိရပါတယ်။
ဒါပေမယ့် ဟိုတယ်ရဲ့အစိတ်အပိုင်းတစ်ခု ဘတ်ဖိုးနဲ့ကုတ်နေစဥ်ပြိုကျသွားတာလို့ကူညီရေးဆောင်ရွက်နေသူတချို့ကလူထုနွေဦးကိုပြောပါတယ်။

Public Service Announcement
ဂရိတ်ဝေါလ်ဟိုတယ်မှာအထပ်ရှစ်ထပ်စီပါဝင်တဲ့ အဆောက်အအုံ၂ ခုရှိပြီးတောင်ဘက်ခြမ်းက အဆောက်အအုံကငလျင်ကြောင့်ပြိုကျခဲ့ပြီးအောက်ဆုံးသုံးထပ်မြေကြီးထဲပြိုကျသွားတာဖြစ်ပါတယ်။ မြောက်ဘက်ခြမ်းကအဆောက်အအုံရဲ့အောက်ခြေသုံးထပ်ကလည်း မြေကြီးထဲကို ပြိုကျသွားတာဖြစ်ပါတယ်။
ဧပြီ ၆ ရက်နေ့မှာတော့ ယိုင်နေတဲ့ ဟိုတယ်တောင်ဘက်အခြမ်းဟာပြိုကျသွားပြီး ရုပ်အလောင်း အချို့ထပ်တွေ့ရတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ် ။
“တောင်ဘက်ခြမ်းက ယိုင်နေတဲ့အဆောက်အဦးကိုဒီနေ့ အတွင်းထဲဝင်ပြီး ကယ်ဆယ်ရေးလုပ်ဖို့ ဘတ်ဖိုးနဲ့ နှိုက်နေစဥ်မှာပဲပြိုကျသွားတာဖြစ်တယ်။ လူထိခိုက်မှုတော့မရှိဘူး။ သေဆုံးနေတဲ့ရုပ်အလောင်းတစ်ချို့တွေ့တယ်”လို့ဂရိတ်ဝေါဟိုတယ်မှာကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကပြိုကျမှု ဖြစ်စဥ်ကို ရှင်း ပြပါတယ်။
ဂရိတ်ဝေါဟိုတယ်အဆောက်အဦးကို ပြိုကျနိုင်တဲ့အန္တရာယ်ရှိ အဆောက်အအုံလို့ လွန်ခဲ့တဲ့ ၃ ရက် ကတည်းက သတ်မှတ်ထားတယ်လို့ သိရပါတယ်။
“မနေ့က ကတည်းကတော့ ပြိုကျဖို့ အခြေအနေရှိတယ်။တိုင်တွေက ခံနိုင်ရည်မရှိတော့ဘူး အထူးသဖြင့် ဟိုတယ်ရဲ့ ရှေ့ဘက်ခြမ်း ထောက်တိုင်တွေပဲ”လို့ ဂရိတ်ဝေါးလ် ဟိုတယ်မှာ ရှာဖွေကူညီရေးလုပ်ခဲ့တဲ့အဖွဲ့တစ်ခုရဲ့တာဝန်ရှိသူကပြောပါတယ်။
ငလျင်ကြီးလှုပ်အပြီး ၁၀ ရက်မြောက်နေ့ဖြစ်တဲ့ ဧပြီ ၆ ရက်မှာဟိုတယ်တွင်းအသက်ရှင်ကျန်ရစ်သူမရှိတော့ဘူးလို့ ၎င်းတို့က ပြောပါတယ်။
ခုနှစ်လွှာအမြင့်ရှိ ဂရိတ်ဝေါးလ်ဟိုတယ်ဟာ မြို့လယ်အချက်အချာကြတဲ့နေရာမှာရှိပြီး တည်းခိုနေထိုင်သူ များလေ့ရှိတဲ့ ဟိုတယ်တခုဖြစ်ပါတယ်။ငလျင်ကြီးလှုပ်ခတ်ချိန်မှာ အနည်းဆုံး လူ ၂၀၀ ဝန်းကျင်ထက် မနည်းရှိနိုင်တယ်လို့လည်း ကယ်ဆယ်ရေးလုပ်ကိုင်သူအချို့ကခန့်မှန်းပါတယ်။
ဂရိတ်ဝေါလ်ဟိုတယ်ဟာ ထပ်မံပြိုကျနိုင်တဲ့ အန္တရာယ်ရှိအဆောက်အအုံဖြစ်တဲ့အတွက်ရှာဖွေကယ်ဆယ်ရေးတွေကို မတ်လ၃၁ရက်မှာရပ်နားခဲ့တာဖြစ်ပါတယ်။ ဟိုတယ်ပြိုကျမှုမှာ ပါဝင်တဲ့ ပိတ်မိသူတွေရဲ့ မိသားစုဝင်တွေက ရှာဖွေခွင့်နဲ့ ရုပ်အလောင်းတွေထုတ်ယူခွင့်ကို ဧပြီ ၃ရက်မှာ တောင်းဆိုခဲ့တာကြောင့် ရှာဖွေရေး ပြန်လည်စတင်ခဲ့ပါတယ်။
အဲဒီနောက် ဒီကနေ့ ဧပြီ ၆ရက်မှာ နံနက်ပိုင်းမှာ အပြီးသတ်ဖြိုချလိုက်တာဖြစ်ပါတယ်။
ပြိုကျအဆောက်အအုံကို အပြီးသတ်ဖြိုချစဥ် ဟ်ိုတယ်တောင်ဖက်ကပ်လျက်ရှိ Auto Car Service Center ပေါ်က်ိုကျခဲ့တဲ့အတွက် အဆောက်ဦးထိခိုက်ပျက်ဆီးမှုဖြစ်ခဲ့ပါတယ်။
ဂရိတ်ဝေါလ်ဟိုတယ်ကို တရုတ်လူမျိုး ဦးတင်မောင်ပိုင်ဆိုင်တာဖြစ်ပါတယ်။
အဆောက်အအုံပြိုကျပြီးနောက် ကူညီကယ်ဆယ်ရေးအချိန်မီ မလုပ်နိုင်တဲ့အတွက် ကာယကံရှင်မိသားစုတွေနဲ့ ဒေသခံတွေအကြား ဝေဖန်မှုတွေရှိသလို ဟိုတယ်အတွင်းကနေ သေဆုံးရုပ်အလောင်း ၂ ဦးနဲ့ အသက်ရှင်သူ၂ဦးတို့ကိုသာကယ်ဆယ်နိုင်ခဲ့တယ်လို့ လူမှုကူညီရေးအသင်းဖွဲ့တွေထံကနေ သိရပါတယ်။
သေဆုံးသူရုပ်အလောင်း ၈၀ ကျော် ရှာဖွေတွေ့ရှိထားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် လတ်တလောအတည်ပြုလို့မရသေးပါဘူး။
“အသက်ရှင်လျက်ကယ်ထုတ်နိုင်တာ။ သေဆုံးတာတွေကစာရင်းကတိုင်းအစိုးရက ကိုင်တွယ်တာ။ပြီးတော့နိုင်ငံခြားက ရုရှား၊တရုတ် နဲ့ အိန္ဒိယ အဖွဲ့ တွေက အသီးသီးဝင်တာရှိတော့ စာရင်းတွေ ရှုပ်ကုန်တာ” လို့ မန္တလေးမြို့ခံကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။


















































