Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းနှင့် အင်းတော်ဆုံးရှုံးသည့် စစ်ကောင်စီက ဒေသတွင်းမြို့ရွာများ လေကြောင်းတိုက်ခိုက်၍ ပြည်သူ ၄၀နီးပါး သေဆုံး

​စစ်ကိုင်းငလျင်ကြီးအပြီး စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် သေဆုံးရသည့် ပြည်သူ ၁၀၀ ကျော်ရှိလာ

ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်ကောင်စီက ဧပြီ ၉ရက်တွင် ဗုံးကြဲတိုက်ခိုက်အပြီး အပျက်အစီးများ။ ဓာတ်ပုံ - CJ

ဧပြီ ၁၀၊၂၀၂၅။ဟန်နွေ/People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နှင့် ချင်းပြည်နယ်၊ ဖလမ်းမြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ယင်းဒေသအနီးရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မြို့ရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များ အပါအဝင် ပြည်သူ ၄၀နီးပါး သေဆုံးခဲ့ရကြောင်း ဒေသ သတင်းရင်းမြစ်များက ပြောသည်။

ဧပြီ ၇ရက်တွင် ဖလမ်းမြို့ကို ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီး ဧပြီ ၇ရက် ညနေပိုင်းတွင် အင်းတော်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသကွပ်ကဲမှုဖြင့် တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ သိမ်းပိုက်ခံရခြင်းကြောင့် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာ နေရာများသာမက အနီးအနား မြို့ရွာများ ဒေသတွင်းမြို့ရွာများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဧပြီ ၉ရက်တွင် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် နမ်းခမ်းကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂၅ ဦးခန့်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး ယနေ့ (ဧပြီ ၁၀ရက်)တွင်လည်း ကောလင်းမြို့နယ် အင်ပင်လှကျေးရွာစာသင်ကျောင်းကို ဖျက်အားပြင်းဗုံးဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ရာ အသက် ၁၄နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး အမျိုးသမီး ၂ဦးနှင့် အဘိုးအိုတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

“အကြောင်းမဲ့ပါ။ စစ်ရှောင်အနည်းငယ်နေကြပါတယ်။ အင်းတော်မှာ ဝက်ဝက်ကွဲရှုံးပြီး တပ်မမှူး ပါ အဖမ်းခံရတော့ ရှက်ရမ်းရမ်းတာ”ဟု ဒေသသတင်းရင်းမြစ်က ဝန်းသိုနှင့် ကောလင်းမြို့နယ် လေကြောင်း တိုက်ခိုက်ခံရမှုအပေါ် ပြောသည်။

အလားတူပင် စစ်ကောင်စီသည် ဖလမ်းမြို့ကို ဆုံးရှုံးပြီးနောက် ဧပြီ ၉ရက်ညပိုင်းတွင် မင်းတပ်မြို့နယ် တိုက်နယ်(၄) တနေရာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ဦး အပါအဝင် ပြည်သူ ၆ဦးသေဆုံးကာ ၈ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ဒေသသတင်းရင်းမြစ်များက အသိပေးသည်။

တီးတိန်မြို့နယ်ကိုလည်း ယင်းနေ့ ဧပြီ ၉ရက်ညပိုင်း၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် ပြည်သူ ၆ဦးသေဆုံးခဲ့သည်။

တီးတိန်မြို့သည် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် မြို့နယ်ဖြစ်သကဲ့သို့ မင်းတပ်မြို့ကိုလည်း ၂၀၂၄ ဒီဇင်ဘာကတည်းက ချင်းညီနောင်မဟာမိတ်တပ်များက သိမ်းပိုက်ထားခြင်းဖြစ်သည်။

စစ်ကောင်စီသည် မတ်လ ၂၈ရက် ငလျင်ဘေးကြောင့် ဧပြီ ၂ရက်မှ ၂၂ရက်အထိ အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ထားကြောင်း ကြေညာထားသော်လည်း ကချင်၊ ရက္ခိုင်၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ မန္တလေး၊ ကရင်၊ ချင်း အပါအဝင် နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး ၊ ဒရုန်း တိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်လျက်ရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ဧပြီ ၉ရက် ထုတ်ပြန်ချက်အရ ငလျင်ဘေးပြီးနောက် စစ်ကောင်စီသည် ငလျင်ဒဏ်သင့်ဒေသများအပါအဝင် နိုင်ငံတဝန်း လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှု အကြိမ်ပေါင်း ၉၀ကျော်ပြုလုပ်ခဲ့ရာ ကလေးငယ်အမျိုးသမီး များအပါအဝင် ပြည်သူ ၇၀ကျော် သေဆုံးခဲ့သည်။

ယမန်နေ့က စစ်ကောင်စီတိုက်ခိုက်ခဲ့သည့် တီးတိန်၊ မင်းတပ်၊ ဝန်းသိုနှင့် ယနေ့ ကောလင်းမြို့နယ် လေကြောင်း တိုက်ခိုက်မှုများတွင်လည်း ပြည်သူ ၃၇ ဦးထက်မနည်းသေဆုံးခဲ့ရာ စုစုပေါင်း ငလျင်ဘေးပြီးနောက်ပိုင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၀၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်အနောက်ခြမ်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အပါအဝင် PDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က အကျဆုံးများကာ အရာရှိတွေလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပေါ်ရှိ စစ်တပ် စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သလို စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အင်းတော်မြို့နဲ့ မော်လူးမြို့တို့ကိုလည်း တိုက်ခိုက်ထိုးစစ်ဆင်နေတယ်လို့ ကချင်ဒေသ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။