ဧပြီ ၁၃၊၂၀၂၅။ရဲခေါင်/People’s Spring
စစ်ကိုင်းငလျင်ကြီးကြောင့် တန်ခိုးကြီးဘုရားများအပါအဝင် ဘာသာရေးဆိုင်ရာအဆောက်အအုံ တစ်သောင်းနီးပါးပျက်စီးခဲ့ပြီး အဆိုပါပြိုကျမှုကြောင့် ရဟန်းသံဃာအပါအဝင် ၉၀၀ကျော်သေဆုံးကြောင်း စစ်ကောင်စီ၏ သာသနာရေးဝန်ကြီးဌာန၏ စာရင်းအချက်များအရ သိရသည်။
နေပြည်တော်၊မန္တလေး၊စစ်ကိုင်း၊ပဲခူး၊မကွေး၊ရှမ်းနှင့် ကရင်ပြည်နယ်တို့ရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံပျက်စီးမှုများရှိခဲ့ရာ ဘုရားစေတီ ၅,၄၀၂ ဆူ၊ ဘုန်ကြီးကျောင်း ၃,၈၄၁ကျောင်း နှင့် သီလရှင်ကျောင်း ၁၈၇ ကျောင်းပါရှိသည်ဟု ဆိုသည်။
ပျက်စီးမှုများတွင် စစ်ကိုင်းတောင်ရိုးရှိ တန်ခိုးကြီးဘုရားများ၊ မန္တလေးမြို့ရှိ တန်ခိုးကြီး စေတီပုထိုးများ အများအပြားပျက်စီးခဲ့ရသည်။ စစ်ကိုင်းတောင်ပေါ်ရှိ ဆွမ်းဦးပုညရှင်စေတီတော် ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ရသည်။

Public Service Announcement
ထို့အပြင် ငလျင်ကြောင့် ၂၀၁၃က ကုလသမဂ္ဂ၏ ပညာရေး၊သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အဖွဲ့ကြီးမှ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် မန္တလေးမြို့ရှိ မဟာလောကမာရဇိန် (ကုသိုလ်တော်) ဘုရားအတွင်းရှိ ကျောက် စာတိုက် စေတီ အမှတ် ၂၁၂၊ ၂၁၃၊ ၃၅၅၊ ၄၄၄၊ ၄၉၄၊ ၄၉၆၊ ၄၉၇၊ ၄၉၉ တို့တွင် အက်ကွဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
ထို့အပြင် ခရစ်ယာန်ဘုရားကျောင်း ၅၀ ၊ဗလီ ၁၃၆ လုံး၊ဟိန္ဒူဘုရားကျောင်း ၂၆ ကျောင်းနှင့် ဘုံကျောင်းတစ်ကျောင်းလည်း ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ရာတွင် ရဟန်းသံဃာ ၁၅၉ ပါး၊သီလရှင် ၅၅ ပါး ပျံလွန်တော်မူကာ ရဟန်း ၁၂၄ ပါး နှင့် သီလရှင် ၅၃ ပါး ထိခိုက်ခဲ့ပြီး ရဟန်းသုံးပါးပျောက်ဆုံးနေကြောင်း အသိပေးသည်။
အစ္စလာမ်ဘာသာဝင် ၆၇၃ ဦး၊ဟိန္ဒူဘာသာဝင် ၁၆ ဦး နှင့် ခရစ်ယာန်ဘာသာဝင် ကိုးဦး သေဆုံးပြီး အစ္စလာမ်ဘာသာဝင် ၆၃ ဦးပျောက်ဆုံးနေကြောင်းလည်း သာသနာရေးဌာန၏ စာရင်း အချက်အလက်တွင် ဖော်ပြထားသည်။
ထို့အပြင် နေပြည်တော်အခြေစိုက် သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းအိမ်ရာ တိုက်ခန်း ၄၃ လုံး၊အဆောင် ငါးဆောင်မှာ ပြန်လည်ပြုပြင်မရတော့ဟု ဆိုသည်။
ကုလသမဂ္ဂလူသားချင်းစာနာထားထောက်မှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က မြန်မာ့ငလျင်တွင် အိမ်ခြေ ၂၁,၇၈၃ လုံး ထိခိုက်ပျက်စီးခဲ့ပြီး အဆောက်အအုံ ၁၅,၁၁၄လုံး ပျက်စီးခဲ့ကြောင်း ဧပြီ ၁ ရက်က အစီရင်ခံစာတွင် ဖော်ပြသည်။
















































