ဧပြီ၁၃၊၂၀၂၅။ သုည/People’s Spring
ရန်ကုန်မြို့ကန်တော်ကြီးဥယျာဥ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY)က သွေးစွန်းသင်္ကြန် လှုပ်ရှားမှုအဖြစ် ယနေ့ (ဧပြီ ၁၃) သင်္ကြန်အကြိုနေ့ နံနက်က ပြုလုပ်ခဲ့သည်။
လူငယ်များက “ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ ငိုနေရှာတယ် ပန်းပိတောက်ဖူးတွေလည်း” စာသားရေးသားကာ “သွေးစွန်းတဲ့ တန်ခူး၊ မပျော်ကြတဲ့ တန်ခူး၊ အဓမ္မဝါဒီတွေနဲ့ တန်ခူး”ဟု ပုံဖော်ပြီး တိတ်တဆိတ် သင်္ကြန်နေ့ရက်များကို ဖြတ်သန်းကြရန် လှုံ့ဆော်ခဲ့သည်။
“ငလျင်ဘေးကြောင့် ပြည်သူအများအပြား မျက်ရည်ဒုက္ခဝေနေကြရတဲ့ အဖြစ်ဆိုးကို အားလုံး သိမြင်နေကြပေမယ့် တစ်ဖက်မှာလည်း တစ်ကိုယ်ကောင်းသမားများက လျစ်လျူရှုပြီး သင်္ကြန်တွင်း စာနာသနားညှာတာမှု ကင်းမဲ့စေဦးမှာ ဖြစ်ပါတယ်။ စစ်ကောင်စီက အမှူးပြုလို့ သင်္ကြန်မဏ္ဍပ်တွေကို ဆက်လက်ဆောက်လုပ်နေတာဟာ ပြည်သူတွေကို မျက်နှာပြောင်တိုက်လွန်းလှပါတယ်။ ဦးနှောက်မရှိတဲ့ လူတစ်စုရဲ့ စီမံခန့်ခွဲမှုပြုနေပုံက ရှက်ရွံ့စရာ ကောင်းလှပါတယ်။ ပျက်စီးထိခိုက်မှုနဲ့ အသေအပျောက်များတဲ့ အင်အားပြင်း ငလျင်ဘေးကို ရင်ဆိုင်နေရတဲ့ ပြည်သူတွေကို အာဏာရှင် စစ်အုပ်စုက ဒုက္ခလှလှ ဆက်ပေးလျက် ရှိပါတယ်။ ငလျင်ဘေးနဲ့အတူ လေကြောင်းကနေ ပြည်သူတွေကို ဗုံးကြဲတဲ့ အဓမ္မဝါဒီ အာဏာရှင်တို့နဲ့ ကြုံဆုံရတဲ့ ပြည်သူတွေဟာ ဒုက္ခကို တစ်ပူပေါ် နှစ်ပူဆင့်ရုံ မကပဲ ဒုက္ခပင်လယ်ဝေနေရတဲ့ အဖြစ်ပဲ ဖြစ်ပါတယ်” ဟု AJAYက ဆိုသည်။

Public Service Announcement
အာဏာရှင်စစ်တပ်က ပြည်သူများကို နေ့စဥ်ဗုံးကြဲသတ်ဖြတ်မှုသည် သင်္ကြန်အခါသမယပင် ဖြစ်ပါစေ ရပ်နားသွားခြင်း မရှိကြောင်း၊ သဘာဝဘေးအန္တရာယ် ကြုံဆုံရသည့် အချိန်မှာပင် ပြည်သူများအပေါ် စေတနာမရှိသည်ကို ပြသနေကြောင်းနှင့် စစ်ဘေး၊ သဘာဝဘေး ခံစားနေသည့် ပြည်သူများကို စာနာသောအားဖြင့် တိတ်တဆိတ် သင်္ကြန်နေ့ရက်များကို ဖြတ်သန်းကြပါဟု AJAYက တိုက်တွန်းခဲ့သည်။
ဓာတ်ပုံ – AJAY


















































