Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက KNU နယ်မြေများကို လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်လုပ်နေ၍ ပြည်သူ သေဆုံးထိခိုက်ရှိ

မြန်မာနိုင်ငံအတွင်း ငလျင်ဘေးကြုံရပြီးနောက်ပိုင်းတွင်လည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက်ပြုလုပ်နေ၍ ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေများအတွင်းရှိ ပြည်သူ သေဆုံးထိခိုက်မှုများ ဆက်ရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ လက်နက်ကြီးကျည်ခွံနှင့် ထိခိုက်ပျက်စီးမှုအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - KNU

ဧပြီ ၁၄၊ ၂၀၂၅။ ဟန်နွေ/People’s Spring

မြန်မာနိုင်ငံအတွင်း ငလျင်ဘေးကြုံရပြီးနောက်ပိုင်းတွင်လည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက်ပြုလုပ်နေ၍ ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေများအတွင်းရှိ ပြည်သူ သေဆုံးထိခိုက်မှုများ ဆက်ရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

မြေငလျင် လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ရက်မှ ဧပြီ ၁၀ရက်အတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို KNUက စုစည်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ငလျင်ဘေးဒဏ်ကို ကြုံတွေ့ခဲ့သော မြန်မာနိုင်ငံအတွင်းရှိပြည်သူလူထုများမှာ ဒုက္ခများစွာဖြင့် ပူဆွေးသောက ရောက်ခဲ့ကြရသော်လည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ မှာ ပြည်သူများအပေါ် စာနာထောက်ထားစိတ်မရှိသည့်အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ယနေ့ အချိန်အထိ ဆက်လက်ကျူးလွန်နေလျက်ရှိဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

KNU အုပ်ချုပ်နယ်မြေအတွင်း ပြည်သူလူထုနေထိုင်ရာဒေသသို့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ပြည်သူလူထု လုပ်ကိုင်စားသောက်ရာ နေရာများကို ဖျက်ဆီးခြင်းအစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ယနေ့အချိန်အထိ ပြုလုပ်နေလျက်ရှိကြောင်း ဖော်ပြကာ ခရိုင်တပ်မဟာအလိုက် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဖြစ်ရပ်များကို အသိပေးထားသည်။

KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်၊ ကျိုက်ထိုမြိုနယ်အတွင်းသို့ စစ်ကောင်စီက မတ်လ ၂၉ရက်တွင် လက်နက်ကြီး(၁)လုံးပစ်ခတ်ခဲ့သောကြောင့် လက်ပံထိပ်ရွာတွင် နေထိုင်သော ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ဟု ဆိုသည်။

ထို့ပြင် တပ်မဟာ(၃) ညောင်လေးပင်ခရိုင်အတွင်းရှိ မြိုနယ်များဖြစ်သည့် ဆောထိမြိုနယ်၊ မူးမြိုနယ် နှင့် လယ်ဒိုမြိုနယ်တို့ကိုလည်း စစ်ကောင်စီက ၈၁မမ၊ ၁၂၀မမ၊ ဟောင်ဝေဇာ နှင့် rocket အစရှိသည့် လက်နက်များဖြင့် (၁၇)ကြိမ် ၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု (၂)ကြိမ်ပြုလုပ်ခဲ့ကြောင်း ဖော်ပြပြီး ရွာသူရွာသား (၈)ဦးထိခိုက် ဒဏ်ရာရှိခဲ့ကာ နေအိမ် (၇)လုံး၊ ဘုန်းကြီးကျောင်း ၂ကျောင်း ထိခိုက်ပျက်စီးခဲ့ဟု အသိပေးသည်။

တပ်မဟာ(၄)နယ်မြေ ဘိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြိုနယ် တပ်ရင်း (၁၁) နယ်မြေအတွင်းသို့လည်း စစ်ကောင်စီက ဧပြီ ၃ရက်တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ကာ တပြိုင်နက်တည်းမှာပဲ လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ဧပြီ(၄)ရက်တွင်လည်း စစ်ကောင်စီ လေတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ဒေသခံများ ကြောက်ရွံ့စွာ နေထိုင်နေကြရဟု ထုတ်ပြန်သည်။

တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင်လည်း ဧပြီ ပထမပတ်အတွင်း၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု(၅)ကြိမ်နှင့် (၈၁) မမ လက်နက်ကြီး(၃)ကြိမ် ပစ်ခတ်ခဲ့ခဲ့ရာ ပြည်သူ (၂)ဦးသေဆုံးကာ (၇)ဦးထိခိုက်ဒဏ်ရာရှိခဲ့ဟု အသိပေးသည်။ ယင်းအပြင် ပြည်သူလူထုနေအိမ် (၁၁)လုံး ထိခိုက် ပျက်စီးခဲ့သည်ဟု ဆိုသည်။

တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်တွင်လည်း စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်သော ကျေးရွာများနှင့် ပြည်သူလူထုလုပ်ကိုင် စားသောက်သောနေရာအတွင်းသို့ ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး (၄) ကြိမ် ပစ်ခတ်ခဲ့ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နယ်မြေကိုလည်း လေကြောင်း ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပြီးခဲ့သည့် တပတ်အတွင်း စစ်ကောင်စီက တိုက်ခိုက်မှု အကြိမ် ၅၀၀နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့ဟု KIAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)သိမ်းယူထားသောပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှညောင်ကျိုးဗျူဟာစခန်းကို ပြန်လည်ထိုးစစ်ဆင်ရေးအတွက် စစ်ကောင်စီကအင်အားဖြည့်နေပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်၍ စစ်ရေးသတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည်။

သတင်း

နိုင်ငံရေးဖိအားများစွာကြောင့်လားရှိးမြိုမှပြန်လည်ဆုတ်ခွာခဲ့ရသည့်အတွက်လည်းများစွာဝမ်းနည်းရပါကြောင်းMNDAA၏အထူးဒေသ(၁)ကျန်းမာရေးဌာန၏တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်ကို MNDAA သတင်းပြန်ကြားရေးဌာနThe Kokangကယ​နေ့(ဧပြီ ၂၆) ဖော်ပြသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် လေသာရွာအနီးရှိ အရပ်ဘက်ဆေးရုံကို စစ်ကောင်စီတပ်က ယနေ့ နေ့လယ်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲရာ ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

သတင်း

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ စစ်ကောင်စီ၏အရေးပါသည့် အမှတ်(၁၃)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၃)ကို ၁၀၇ မမရှော့တိုက်ဒုန်း ၁၀လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)၏ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။