Connect with us

Hi, what are you looking for?

သတင်း

NUG နဲ့ စစ်ကောင်စီတို့ကို သီးခြားစီတွေ့ဆုံခဲ့တဲ့အပေါ် တစ်ဖက်နဲ့ တစ်ဖက် ကန့်ကွက်ခြင်းမရှိဟု မလေးရှားဝန်ကြီးချုပ်ဆို

မင်းအောင်လှိုင်နဲ့ လူချင်းတွေ့ဆုံခဲ့မှု သတင်းဓာတ်ပုံ မလေးရှားဝန်ကြီးချုပ် ထုတ်ပြန်ခြင်းမရှိ၊ NUG နဲ့ အွန်လိုင်းတွေ့ဆုံမှုကို သတင်းဓာတ်ပုံ ထုတ်ပြန်

ဓာတ်ပုံ -​Anwar Ibrahim/Facebook

ဧပြီ ၁၈၊ ၂၀၂၅။ အီယိုရီ/People’s Spring

မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်မ်က အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ​ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ကို သီးခြားစီတွေ့ဆုံခဲ့ရာ ဘယ်ဘက်ကမှ ကန့်ကွက်တာ မရှိခဲ့ဘူးလို့ မလေးရှားဝန်ကြီးချုပ်က ဒီနေ့ အသိပေးဖော်ပြပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ စီစဥ်ပေးမှုနဲ့ မနေ့ ညနေပိုင်းက ဘန်ကောက်မြို့မှာ မလေးရှားဝန်ကြီးချုပ်နဲ့ မြန်မာစစ်ခေါင်းဆောင်တို့ လူချင်းတွေ့ဆုံခဲ့ပါတယ်။

ဒီနေ့ မနက်ပိုင်းမှာတော့ မလေးရှားဝန်ကြီးချုပ်ဟာ အွန်လိုင်း(Teleconference)မှတဆင့် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကို မိနစ် ၄၀ကြာတွေ့ဆုံခဲ့ပြီး ဆွေးနွေးမှုမှာ မြန်မာပြည်သူများရဲ့ အရေးပေါ်လူသားချင်းစာနာမှုအကူအညီလိုအပ်နေမှုများနဲ့ အလိုအပ်ဆုံးပြည်သူများ အထောက်အပံ့များ လက်လှမ်းမီရေး အရေးကြီးမှုကို အာရုံစိုက် ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

သူတို့နှစ်ဦးဟာ ဆက်လက်ပြုလုပ်မယ့်တွေ့ဆုံဆွေးနွေးမှုတွေ အရေးပါမှုကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။ NUG ဝန်ကြီးချုပ်က သင့်တော်တဲ့အချိန်မှာ မလေးရှားနိုင်ငံမှာ လူချင်းတွေ့ဆုံနိုင်ဖို့ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ်က ဆိုပါတယ်။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(စစ်ကောင်စီ)နဲ့ ကျွန်တော်ရဲ့ အစောပိုင်းတွေ့ဆုံမှုလိုပဲ (NUGနဲ့) တွေ့ဆုံပြောဆိုမှုက အပြုသဘောဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ထိတွေ့ဆက်ဆံမှုကို ဘယ်ဘက်ကမှ တစ်ဖက်ကိုတစ်ဖက် ကန့်ကွက်တာတွေ မလုပ်ခဲ့ပါဘူး” လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါက X အကောင့်မှာ ရေးသားဖော်ပြပါတယ်။

ယုံကြည်မှုတည်ဆောက်ရေးဟာ မရှိမဖြစ်လိုအပ်ကြောင်းနဲ့ ဒီလိုထိတွေ့ဆက်ဆံမှုတွေက အာဆီယံဦးဆောင်တဲ့ ကြိုးပမ်းအားထုတ်မှုတစ်ခုအဖြစ် ဆက်လက်ဖြစ်ထွန်းဖို့ အရေးကြီးကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ မြန်မာပြည်သူတွေရဲ့ ကောင်းကျိုးချမ်းသာအတွက် အထောက်အကူဖြစ်စေဖို့ ပါဝင်သက်ဆိုင်သူအားလုံး(all parties)နဲ့ ထိတွေ့ဆက်ဆံမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

ထူးခြားမှုအနေနဲ့ မလေးရှားဝန်ကြီးချုပ်ဟာ မနေ့က စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ လူချင်းတွေ့ဆုံမှုနဲ့ပတ်သက်လို့ သတင်းဓာတ်ပုံ ထုတ်ပြန်တာ မတွေ့ရဘဲ တွေ့ဆုံမှုနဲ့အကြောင်း စာနဲ့သာ ရေးသားဖော်ပြပါတယ်။ စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာလည်း မလေးရှားဝန်ကြီးချုပ်နဲ့တွေ့ဆုံခဲ့မှုကို စာသားထုတ်ပြန်ချက်သာ တွေ့ရပြီး သတင်းဓာတ်ပုံ မတွေ့ရပါဘူး။

ဒီနေ့ မနက်ပိုင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်နဲ့တွေ့ဆုံမှုအကြောင်းကိုတော့ မလေးရှားဝန်ကြီးချုပ်အန်ဝါက ဓာတ်ပုံတွေနဲ့တကွ ဖေ့ဘုတ်အကောင့်မှာရော၊ X အကောင့်မှာရော ဖော်ပြ အသိပေးပါတယ်။ ဒါပေမဲ့ NUG ရဲ့ ဦးမန်းဝင်းခိုင်သန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ ဖော်ပြပြီး ပြည်ထောင်စုဝန်ကြီးချုပ် ရာထူးကိုတော့ ဖော်ပြခြင်း မရှိပါဘူး။

မလေးရှားဝန်ကြီးချုပ်အန်ဝါဟာ မနေ့ ညနေနှောင်းပိုင်းက ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ခေါင်းဆောင်တဲ့ အလွတ်သဘောအကြံပေးအဖွဲ့နဲ့ တွေ့ဆုံခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့ တကွ ထုတ်ပြန်ပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟာ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သလို အာဆီယံဥက္ကဋ္ဌကို အကြံပေးဖို့အတွက် သက်ဆင်ခေါင်းဆောင်တဲ့အဖွဲ့(informal advisory group)ကို ခန့်အပ်တာဝန်ပေးထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် အပေါင်းအပါတစုသည် ၎င်းတို့အာဏာတည်မြဲရေးတခုတည်းကိုသာရှေးရှုပြီး ပြည်သူလူထု၏ အခွန် ဘဏ္ဍာများကို ထင်သလို အသုံးပြုနေသလို အ ချို့သောနိုင်ငံများနှင့် နျူးကလီးယားစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံကဲ့သို့သောလုပ်ငန်းစာချုပ်များချုပ်ဆိုပြီး တိုင်းပြည်ကိုလည်း အမျှော်အမြင်ကင်းမဲ့စွာ အသုံးချလျက်ရှိနေကြောင်း NUG အစိုး၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဆိုသော ရွေးကောက်ပွဲကို တရုတ်သမ္မတက အားပေးထောက်ခံသည်ဟု လိမ်လည်ဝါဒဖြန့်နေပြီး ရှီကျင့်ဖျင်မပြောဆိုသည့် စကားများကိုလည်း စစ်ကောင်စီဝါဒဖြန့်သတင်းစာများ၌ ဖော်ပြနေသည်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်က မြန်မာနိုင်ငံမှာရှိတဲ့ တရုတ် အကျိုးစီးပွားတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

သတင်း

ရုရှားနိုင်ငံကို ရောက်ရှိနေစဉ် အတောအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ တရုတ်အစိုးရကထုတ်ပြန်ပါတယ်။

Facebook