Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးကယ်ဆယ်ရေးလုပ်ရမည့်အစား စစ်ကောင်စီက နိုင်ငံအနှံ့လေကြောင်းတိုက်ခိုက်နေဟု PDF တောင်ပိုင်းစစ်ဒေသအမှတ်(၂)စစ်ဒေသခွဲ ထုတ်ပြန်

ကန်ပက်လက်ကို ဧပြီအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၇ကြိမ်ရှိဟု ကန်ပက်လက် ပအဖ အသိပေး

ကန်ပက်လက်မြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ − ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာန

ဧပြီ ၁၈၊၂၀၂၅။ဟန်နွေ/People’s Spring

စစ်ကောင်စီအနေဖြင့် ငလျင်ဘေးကြောင့် ပြည်သူများသေဆုံးပျောက်ဆုံးရှိနေချိန်တွင် ပြည်သူကို ကူညီကယ်ဆယ်ရမည့်အစား နိုင်ငံအနှံ့ အပြားတွင် လေကြောင်း တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက ယနေ့(ဧပြီ ၁၈ရက်) ထုတ်ပြန်သည်။

စစ်ကောင်စီက ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ရေတွင်းကုန်းကျေးရွာကို လေကြောင်း တိုက်ခိုက်ခဲ့မှုကို အမှတ်(၂) စစ်ဒေသခွဲ့ အသိပေး ရာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရေတွင်းကုန်းရွာကို လေကြောင်းတိုက်ခိုက်ပြီးနောက် ပိန်းဇလုပ် အခြေစိုက် ခလရ(၂၆၄) က ၁၂၀ မမ လက်နက်ကြီး ဖြင့် ကျေးရွာအတွင်း ထပ်မံ ပစ်ခတ်ရာ ပြည်သူ ၁ဦး ထိမှန်သေဆုံးခဲ့ရဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဒေသသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၌ ပါဝင်သည့် ဒေသဖြစ်သည်။

စစ်ကောင်စီသည် တပ်မဟာ(၃)နယ်မြေအပါအဝင် KNUနယ်မြေများ အတွင်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုများ နေ့စဉ် နီးပါး ပြုလုပ်နေ၍ ပြည်သူသေဆုံးထိခိုက်မှု မကြာခဏ ဖြစ်ပေါ်လျက်ရှိဟု KNU၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

စစ်ကောင်စီသည် မြန်မာနိုင်ငံ၌ ငလျင်ဘေးကယ်ဆယ်ရေး ဆောင်ရွက်ရမည့် ကာလဖြစ်သော်လည်း အပြစ်မဲ့ ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ နေ့စဉ်နှင့်အမျှ တိုက်ခိုက်လျက်ရှိကြောင်း KNUက ထုတ်ပြန်သည်။

ထို့အပြင် ချင်းပြည်နယ်၊ ကန်ပက်လက်မြိုနယ်၊ ကန်ပက်လက်မြိုအား စစ်ကောင်စီက တိုက်လေယာဉ်များ အသုံးပြု လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ပြည်သူ သေဆုံးထိခိုက်မှုနှင့် အဆောက်အဦး ပျက်စီးမှုများ ရှိခဲ့ကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်သည်။

ယခု ဧပြီလအတွင်း စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၇ကြိမ် လေကြောင်းတိုက်ခိုက်ကာ ပေါင်(၃၀၀)နှင့် (၅၀၀)ဗုံးများ အသုံးပြု ကြဲချ ခဲ့ဟု ဖော်ပြသည်။ ထိုသို့ ကြဲချ တိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ်များ၊ ပြည်သူများ၊ အစိုးရအဆောက်အဦးများ စုစုပေါင်း နေအိမ်အဆောက်အဦး ၆၃လုံး ပျက်စီးခဲ့ဟု အသိပေးသည်။

ပျက်စီးဆုံးရှုးမှုစာရင်းထုတ်ပြန်ရာ လေကြောင်းတိုက်ခိုက်မှုကြောင့် လုံး၀ပျက်စီးသွားသည့် ပြည်သူ့နေအိမ် ၁၈လုံး၊နေအိမ် တစိတ်တပိုင်း ပျက်စီးသည့် နေအိမ် ၃၀လုံး၊ ဌာနပိုင်အဆောက်အဦး ၁၄လုံး၊ ရိပ်သာအဆောက်အဦး တစ်လုံးတို့ ဖြစ်သည်ဟု ဖော်ပြသည်။

ထို့ပြင် လေကြောင်း တိုက်ခိုက်မှုအတွင်း အသက်(၄၀)အရွယ် ပြည်သူတစ်ဦး သေဆုံးကာ အသက် ၁၆နှစ်အရွယ် တစ်ဦး ဒဏ်ရာရခဲ့ဟုဆိုသည်။

” ခုတလော ကန်ပက်လက်ကို ကြဲတာကျ ဒေသခံ တပ်တွေ နေသွားတယ်လို့ သတင်းရ သတင်းကြားတဲ့ အစိုးရ ရုံးတ၀ိုက် တွေကို ကြဲရင်း နေအိမ်တွေပါ ထိတာလို့ပဲ သတိထားမိတယ်။ မနေ့ညက ဆိုလည်း မီးသတ်ရုံးကို ရည်ရွယ်ရင်း အနီးတ၀ိုက်က အိမ်တွေကို ထိတာဆိုတော့လေ။ ဟိုနေ့က ကြဲတာဆိုလည်း နတလ ကျောင်းနား။ ရှေ့အခါကလည်း ကျေးလက်၊ စီမံကိန်း၊ ကော်မရှင် အကုန်လုံးက ရဲဘော်တွေ ခဏတဖြုတ်နေခဲ့ဖူးတဲ့နေရာတွေချည်းဖြစ်နေလို့လေ”ဟု ကန်ပက်လက် ဒေသ သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကြောင့် ကန်ပက်လက်မြိုနယ်နှင့် မြိုပေါ်နေ ပြည်သူများ မြိုပေါ်ပတ်ဝန်းကျင် နေထိုင်ကြသည့်ပြည်သူများအနေဖြင့် လေကြောင်းရန်အထူးဂရုပြုနေထိုင်ကြပါရန် ကန်ပက်လက် ပအဖက မေတ္တာရပ်ခံထားသည်။

ထို့ပြင် စည်းလုံးမှု၊ စုစည်းမှုအားကောင်းပြီး တိကျသေချာသော သတင်းများကို တစ်ဦးကိုတစ်ဦး သတင်းပေးခြင်းဖြင့်ကူညီ ကြရန် အထူးမေတ္တာရပ်ခံထားသည်။

စစ်ကောင်စီသည် မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် ၊ ရှမ်းမြောက်၊ မကွေး၊ ကရင်နီ၊ ရက္ခိုင် အပါအဝင် နိုင်ငံတဝန်း၌လည်း လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ပြည်သူသေဆုံးမှုများစွာရှိခဲ့သည်။

ငလျင်ဘေးကြောင့် ဧပြီ ၂ရက်မှ ၂၂ရက်အထိ ယာယီအပစ်ရပ်မည်ဟု စစ်ကောင်စီ ကြေညာထားသော်လည်း ထိုသို့ကြေညာသည့်နေ့မှစ၍ နေ့စဉ် လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားပြီး စစ်ကောင်စီ၏ အပစ်ရပ်ကြောမှုကို မယုံကြဘဲ ဗုံးခိုကျင်းများ ခိုင်မာစွာထူးထားကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ မြဝတီမြို့တောင်ဘက်ခြမ်းကို စစ်တပ်က လေကြောင်းက ဗုံးကြဲနေတယ်လို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေမရှိတော့တဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ မနက်ပိုင်းမှာ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

ချင်းပြည်နယ်အတွင်း စစ်တပ်က လေကြာင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဇွန်လအတွင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ ၈ဦး သေဆုံးကာ ၁၇ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ လူမှုဖွံ့ဖြိုးရေးဝန်ကြီး ပူးဇာထောင်းက ပြောပါတယ်။

သတင်း

ဖားကန့်မြို့နယ်၊ဆည်ဇင်းရွာနဲ့ဆက်စပ်နေတဲ့ ဟုမ္မလင်းမြို့နယ်ထဲက နေရာအချို့မှာတိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေရွှေတူးတဲ့နေရာပတ်ဝန်းကျင်ကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိ​နေပါတယ်။