Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော် တည်ဆောက်ခဲ့သည့် ကုမ္ပဏီများ စစ်ကောင်စီကို ဆက်သွယ်ရန်ထုတ်ပြန်

စစ်ကိုင်းငလျင်ကြောင့် အကြီးအကျယ်ပျက်စီးသွားသည့် နေပြည်တော်၏ထိခိုက်ပျက်စီးမှုများကို ဖုံးကွယ်ထားသည့်စစ်ကောင်စီက နေပြည်တော်တည်ဆောက်ရေးတွင်ပါဝင်ခဲ့သည့်ကုမ္ပဏီများကို စည်ပင်သာယာရေးကော်မတီထံ ဆက်သွယ်ရန် ကြေညာချက်ထုတ်ပြန်သည်။

စစ်ကိုင်းငလျင်လှုပ်ပြီး​နောက် ​နေပြည်​တော်ရှိ စစ်​ကောင်စီအ​ဆောက်အအုံ နှင့် ဝန်ထမ်းအိမ်ယာများ ပျက်စီး​နေမှု ။ဓါတ်ပုံ-စစ်​ကောင်စီ

ဧပြီ-၂၆၊၂၀၂၅။ဇော်ရမ်း၊ရဲ​ခေါင်/People’s Spring

စစ်ကိုင်းငလျင်ကြောင့် အကြီးအကျယ်ပျက်စီးသွားသည့် နေပြည်တော်၏ထိခိုက်ပျက်စီးမှုများကို ဖုံးကွယ်ထားသည့်စစ်ကောင်စီက နေပြည်တော်တည်ဆောက်ရေးတွင်ပါဝင်ခဲ့သည့်ကုမ္ပဏီများကို စည်ပင်သာယာရေးကော်မတီထံ ဆက်သွယ်ရန် ကြေညာချက်ထုတ်ပြန်သည်။

နေပြည်တော်တည်ဆောက်ရေးအထူးဖွံ့ဖြိုးရေးစီမံကိန်းတွင် ပါဝင်သည့် ရုံး/ဌာန အဆောက်အဦများ၊ အထူးအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများအပါအဝင် အခြားအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများတွင် တည်ဆောက်ခဲ့သည့် ကုမ္ပဏီများအနေဖြင့်နေပြည်တော်စည်ပင်သာယာရေး ကော်မတီသို့ ဆက်သွယ်ရန် ဧပြီလ၂၆ရက်ထုတ် စစ်ကောာင်စီဝါဒဖြန့်ချိရေးသတင်းစာများတွင် ဖော်ပြထားသည်။

ထို့အတူ အခြားအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများတွင် တည်ဆောက်ခဲ့သည့် ကုမ္ပဏီများလည်းပါဝင်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန၊ဌာနမှူးဦးဇော်ထွန်းနှင့် ဒုတိယဌာနမှူးဒေါ်ချယ်ရီလှမောင်ကိုဆက်သွယ်ရမည်ဟုဆိုသည်။

“ဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေ ဆက်သွယ်ဖို့ ကနဦး ညွှန်ကြားတာပါ။ဒီအဆင့်ပဲ သိရပါတယ်။ပါဝင်ခဲ့တယ်ဆိုရင် ရုံးကိုသော်လည်းကောင်း ဆက်သွယ်ဖို့ ဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေကနေတဆင့်အကြောင်း ကြားလို့ရမှာပါ”ဟု နေပြည်တော်စည်ပင်သာယာရေးကော်မတီတာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်တပ်နှင့်ပတ်သက်ဆက်နွယ်ပြီး ကြီးပွားချမ်းသာခဲ့သော ခရိုနီများဖြစ်သည့် ဦးတင့်ဆန်း၏ ACE ၊ဦးတေဇ၏ Htoo၊ဦးဇော်ဇော်၏ Max Myanmar၊ ဦးချစ်ခိုင်၏ ဧဒင် ၊ ဘိန်းဘုရင်လော်စစ်ဟန်၏သား စတီပင်လော(ခ)ထွန်းမြင့်နိုင်၏ အေရှားဝေါးကုမ္ပဏီ၊ ဦး​ကျော်ဝင်း၏ ​ရွှေသံလွင် စသည့်ခရိုနီကုမ္ပဏီ တို့သည် နေပြည်တော်တည်ဆောက်ရေးလုပ်ငန်းအများစုကို ရရှိခဲ့ကြသည်။ခရိုနီများအပြင် စစ်ဗိုလ်ချုပ်များ၏ သားသမီများ ၊ အစိုးရဌာနမှအရာရှိများ၏ကုမ္ပဏီများလည်းပါဝင်သည်။

​နေပြည်​​တော်တည်​ဆောက်ရာတွင်မြေငလျင်ဒဏ်ခံနိုင်​အောင် ထည့်သွင်းတွက်ချက်မ​ဆောက်လုပ်ကြသလို ၊အ​ဆောက်အအုံအရည်အ​သွေးစစ်​ဆေးမှုလည်းမရှိဘဲ အမြန်ပြီး​အောင်သာ​ဆောက်လုပ်ခဲ့ကြ​ကြောင်းဆောက်လုပ်​ရေးအင်ဂျင်နီယာအချို့က​ပြောသည်။

“ခရိုနီကုမ္ပဏီတွေကိုပဲ ဆောက်လုပ်ခွင့်တင်ဒါ ပြန်ပေးဖို့လား။ဒါမှမဟုတ် ဆောက်ခဲ့တာအသုံးမကျလို့ပြန်ဆောက်ခိုင်းမလားဆိုတာ စောင့်ကြည့်ရမယ့်ပွဲပဲ”ဟု နေပြည်တော်ဒေသခံတစ်ဦးက ပြောသည်။

အထက်ပါခရိုနီအများစုသည် ဧပြီလဆန်းတွင် ငလျင်​ဘေးအကူအညီအဖြစ် စစ်​ကောင်စီထံ အာဏာသိမ်းခေါင်းမှတဆင့်ကျပ်​ငွေ ဘီလီ၁၀၀​​ကျော်စု​ပေါင်း​ပေးအပ်ခဲ့​​သေးသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကလည်း”အရင်ကဆောက်ခဲ့တဲ့သူတွေကိုတရားစွဲမယ်လို့ ခြိမ်းခြောက်ပြီးပြန်ဆောက်ခိုင်းမယ်ထင်တယ်။ ဆောက်လုပ်ရေးလောကမှာတော့တော်တော်ဂယက်ရိုက်နေပြီ”ဟုပြောသည်။

မတ်လ၂၈ ရက်က ရစ်ခ်တာစကေး ၇ဒဿမ၇ပြင်အားရှိ စစ်ကိုင်းငလျင်ကြီးကြောင့် သက်တမ်း ၂၀ ခန့်သာရှိ​သေး​သော နေပြည်တော်သည် ထိခိုက်ပျက်စီးမှုများပြားခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန အလုပ်သမားဝန်ကြီးဌာန၊နိုင်ငံခြားရေးဝန်ကြီးဌာန၊စစ်ရုံးချုပ်၊ ပြည်ထဲရေး၊မြန်မာ့မီးရထား၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်အဆောက်အဦ၊ လွှတ်တော်အဆောက်အဦအပြင် ဝန်ထမ်းအိမ်ယာအများအပြား ပြိုကျပျက်စီးခဲ့သည်။

ထိခိုက်ပျက်စီးမှုများ၊ လူသေဆုံးမှုသတင်းများကို စစ်ကောင်စီကထိန်းချုပ်ထားသည်။နေပြည်တော်မှ အစိုးရ အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာ ၈၀ ရာခိုင်နှုန်းထိခိုက်သည်ဟု ဒေသခံများနှင့်လူမှုရေးအဖွဲ့များက ခန့်မှန်းထားကြသည်။

ဧပြီ ၃ ရက်နေ့အထိထုတ်ပြန်ခဲ့သည့်ငလျင်ကြောင့်သေဆုံးသူစာရင်းတွင် နေပြည်တော်၌ ၅၁၁ ဦးသေဆုံးသည်ဟု ကြေညာပြီးနောက်ပိုင်း ထပ်မံထုတ်ပြန်ခြင်းမရှိပေ။

စစ်ကောင်စီ၏ ဧပြီ ၂၆ ရက်​နေ့ထုတ်ပြန်ချက်တွင် ရှင်းရှင်းလင်းလင်းဖော်ပြမထားဘဲ ကုမ္ပဏီများအ နေဖြင့် စည်ပင်သာယာရေး ကော်မတီထံ ဆက်သွယ်ရန်သာ ဖော်ပြထားသည်။

“ပုံမှန်အတိုင်းဆိုရင်တင်ဒါခေါ်ရမယ်။တင်ဒါမှာအောင်တဲ့ကုမ္ပဏီက ဆောက်လုပ်ခွင့်ရမယ်။ အခုကတော့ သူတို့အချင်းချင်း လက်သိပ်ထိုးပြီး ပြန်ဆောက်ခိုင်းမဲ့အခြေအနေမှာရှိတယ်။ဆောက်ပေးဖို့ငြင်းဆန်တဲ့သူ ခြိမ်းခြောက်အရေးယူလိမ့်မယ်”ဟု နေပြည်တော်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က တည်ဆောက်ခဲ့သည့် နေပြည်‌တော်စီမံကိန်းတွင် စစ်တပ်နှင့်နီးစပ်သည့် ခရိုနီများ ၊ စစ်ဗိုလ်ချုပ်များ၏မိသားစုဝင်များက အဓိက​ဆောက်လုပ်ခွင့်ရရှိခဲ့ပြီး အကျိုးစီးပွားဖြစ်ခဲ့သည်။

စံချိန်စံနှုန်းမမီဘဲဆောက်လုပ်ခဲ့သည့် ကုမ္ပဏီများအား အရေးယူမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောထားသော်လည်း လက်တွေ့တွင် အရေးမယူရဲကြောင်း၊ ဖိအားပေး၍ ပြန်ဆောက်ခိုင်းရန်သာ စီမံနိုင်ကြောင်း လုပ်ငန်းရှင်တစ်ဦးကပြောသည်။

“အရေးယူမယ်ဆို အဲဒီကာလကဌာနဆိုင်ရာအရာရှိတွေ၊ ခရိုနီတွေအကုန်ပါမှာ။အဲဒီလူတွေအားလုံးကလည်းစစ်တပ်နဲ့အပေါင်းအပါအဝင်ဖြစ်​​နေတယ်။ ဒါကြောင့်အရေးမယူရဲဘူး”ဟု၎င်းကပြောသည်။

ဧပြီ၁၂ရက်ကစစ်ကောင်စီလွတ်ငြိမ်းတွင်ဧဒင်ကုမ္ပဏီအုပ်စုဥက္ကဋ္ဌ ဦးချစ်ခိုင်၊ဇေကမ္ဘာဦးခင်ရွှေ ၏ သားဖြစ်သူ ကိုဇေသီဟတို့ပြန်လည်လွတ်မြောက်လာခြင်းသည်နေပြည်တော်ပြန်လည်တည်ဆောက်ရေးနှင့်လည်းဆက်စပ်နိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။

စစ်​ကောင်စီသည် ​မြေငလျင်​ကြောင့် ​နေပြည်​တော် ​သေဆုံးပျက်စီးမှုများသတင်းကိုတက်နိုင်သမျှဖုံးကွယ်ရန်ကြိုးစားခဲ့သည်။စစ်ကောင်စီ၏ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ အစီရင်ခံစာတွင် နေပြည်တော်သည် မန္တလေးနှင့် စစ်ကိုင်းတိုင်းထက် အိမ်ထောင်စုလိုက် ရွှေ့ပြောင်းနေထိုင်ရမှု အဆမတန်ပို၍ များပြားသည်။ ကယ်ဆယ်ရေး စခန်း ၇၅ခုတွင်ယာယီရွှေ့ပြောင်းနေ

ထိုင်သည့် အိမ်ထောင်စု ၂,၉၅၅ ခုရှိကာ ကိုယ်ပိုင်အစီအစဥ်ဖြင့် ရွှေ့ပြောင်းနေထိုင်သည့်အိမ်ထောင်စုသည် ၂၃,၈၅၆ ရှိကြောင်း ဖော်ပြသည်။

ထို့အပြင် နေပြည်တော်၏ လမ်းနှင့် လျှပ်စစ်ကဏ္ဍ ပျက်စီးမှုသည်လည်း ငလျင်ဗဟိုပြုခဲ့သောစစ်ကိုင်း နှင့် မန္တလေးထက်ပို၍ ပျက်စီးခဲ့သည်ဟုဆို သည်။

နှစ်ပေါင်း၂၀ကြာ စစ်အုပ်အုပ်ရေးအမိန့်ဖြင့် အုပ်ချုပ်ခဲ့သည့် အာဏာရှင်ဟောင်း သန်းရွှေက နေပြည်တော်ကို ၂၀၀၃တွင် စတင်တည်ဆောက်ခဲ့သည်။ ၂၀၀၆တွင် ရန်ကုန်မြို့ရှိ အစိုးရဌာနဆိုင်ရာရုံးများအား နေပြည်တော်သို့ စတင်ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းက ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီး တစ်ဦးအပါအဝင် လူပေါင်း တစ်ဒါဇင်ကျော်ဟာ ငလျင်ကြောင့် အထပ်မြင့်တိုက် ပြိုကျမှုနဲ့ ပတ်သက်ပြီး ရဲတွေဆီမှာ သွားရောက် အဖမ်းခံခဲ့ကြောင်း သိရပါတယ်။

အတွေးအမြင်

စစ်ကိုင်းနဲ့မန္တလေးကို ဗဟိုပြုပြီး ၇.၇ ပြင်းအားရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့တာ အခုဆိုရင် ရက် (၅၀) ပြည့်ခဲ့ပါပြီ။

သတင်း

အင်အားပြင်းငလျင်ကြီးဒဏ်ခံလိုက်ရတဲ့မန္တလေးမြို့က နေရာအချို့မှာ အဝီစိရေတွင်းတွေ ထိခိုက်ပျက်စီးသွားပြီး ပြန်လည်ပြုပြင်ရတာ၊ အသစ်ပြန်တူးရတာတွေ ရှိနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

သတင်း

တော်လှန်ရေးကာလတလျှောက် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အသက်၊အိုးအိမ်၊ စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ကြရသည့် ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းနှင့် ကျဆုံးခဲ့ကြသော တော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံးအတွက် တရားမျှတမှုတခုကို ပြန်လည်ရ ယူနိုင်ရေးသည် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစု အားလုံး၏ တာဝန်ဖြစ်ကြောင်းခံယူထားဟု NUGပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။