Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်ရှိ စစ်ကောင်စီတပ်နေရာအချို့ KIA ပူးပေါင်းတပ် ထပ်သိမ်းပိုက်၊ မြစ်ဆုံဒေသနှင့် ဖားကန့်လမ်းပိုင်း တိုက်ပွဲဆက်ဖြစ်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စွဲရာနေရာအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) မဟာမိတ်ပူးပေါင်းတပ်က ထပ်မံသိမ်းပိုက်ရခဲ့ပြီး မြစ်ဆုံနှင့် ဖားကန့်ဒေသတွင်လည်း တိုက်ပွဲဆက်ဖြစ်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

KIA ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ Banmaw Scout Team

ဧပြီ ၂၈၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စွဲရာနေရာအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) မဟာမိတ်ပူးပေါင်းတပ်က ထပ်မံသိမ်းပိုက်ရခဲ့ပြီး မြစ်ဆုံနှင့် ဖားကန့်ဒေသတွင်လည်း တိုက်ပွဲဆက်ဖြစ်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ဧပြီ ၂၅ရက်တွင် KIA ပူးပေါင်းတပ်က ပြန်လည်ဆင်နွှဲရာ မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသ၊ ဖားကန့်မြို့နယ် ကာမိုင်း-နန့်ယားလမ်းပိုင်းတို့၌ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေ၍ တိုက်ပွဲများဖြစ်ပွားနေသည်။

ယမန်နေ့(ဧပြီ ၂၇ရက်) ဗန်းမော်မြို့တိုက်ပွဲအတွင်း ကုက္ကိုလ်တောရပ်ကွက်ရှိ မီးရှို့ဖျက်ဆီးခံရသည့် ခရစ်ယာန်ဘုရားကျောင်းအနီးတပ်စွဲနေသည့် စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ကချင်စုရပ်ကွက်ရှိ ဘုရားကျောင်း၊ အလက(၃)နေရာတို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နေရာကိုလည်း KIA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သည်ဟု ကချင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယင်းနှင့်ပတ်သက်၍ အခြား KIA သတင်းရင်းမြစ်တစ်ဦးကလည်း “ဟုတ်တယ်။ သူတို့(KIA ပူးပေါင်းတပ်)က တနင်္ဂနွေနေ့ မနေ့ကပေါ့ စစ်မျက်နှာသုံးခုကနေ ဝင်တိုက်တဲ့အချိန်မှာ ဒီအဖွဲ့(မီးရှို့ခံရသည့် ဘုရားကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့)တွေရော ပါတယ်။ အကုန်လုံးကို ချေမှုန်းလိုက်ပြီပေါ့။ အဲဒီလို သတင်းရတယ်”ဟု ပြောသည်။

KIA ပူးပေါင်းတပ်သည် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်၏ လက်ကျန်တပ်စခန်းများကို နေရာပေါင်းစုံမှ ဝင်တိုက်နေခြင်းဖြစ်သည်ဟု ပြောသည်။

KIA သတင်းပြန်ကြားရေးဌာန၏ ဧပြီ ၂၇ရက် သတင်းဖော်ပြချက်တွင် KIA ပူးပေါင်းတပ်သည် ဧပြီ ၂၅ရက်တွင် ဗန်းမော်မြို့၌ ကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်းများကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးများဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်နေဟု အသိပေးထားပြီး အသေးစိတ် ဖော်ပြမထားပေ။

ထို့ပြင် ဧပြီ ၂၇ရက် နံနက်တွင် KIA တပ်မဟာ(၁)နယ်မြေ ဂွေထော်နှင့် တန်ဖဲဘက်သို့ စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ခဲ့ဟု KIA က အသိပေးသည်။

တန်ဖဲကျေးရွာအနီး မြစ်ဆုံဒေသသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ ဧပြီ ၂၇ရက် နံနက် ၉နာရီခွဲတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးမှုရှိပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်တဦးက အသိပေးထားသည်။

ထို့အပြင် KIA သတင်းပြန်ကြားရေးဌာန၏ ဖော်ပြချက်တွင် KIA တပ်မဟာ(၉) ဖားကန့်ဒေသ ဥရုဒေသရှိ တပ်ရင်း(၂၆)နှင့် တပ်ရင်း(၄၄)နယ်မြေများ၌ ဧပြီ ၂၂ရက်မှစ၍ စစ်ကောင်စီတပ်နှင့် SNA ပြည်သူ့စစ်အဖွဲ့က မြေပြင်ထိုးစစ်သာမက လေကြောင်းဖြင့်ပါ နေ့စဉ် ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲပြင်းထန်နေဟု အသိပေးသည်။

“ဖားကန့်ဘက် တာမခန်အထက် ဖားကန့်မရောက်ခင် ဒီနေရာမှာလည်း စစ်ဖြစ်နေကြတယ်။ ပြီးရင် လဝါး(ဖားကန့်မြို့နယ်) ကျေးရွာဘက်လည်း စစ်ဖြစ်နေကြတယ်။” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ဖားကန့်ဒေသ စစ်ရေး အခြေအနေကို ပြောသည်။

KIA တပ်ရင်း(၄၄)ဘက်၌ ဧပြီ ၂၇ရက်နံနက်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က တိုက်ပွဲနေရာသို့ လေကြောင်း ပစ်ကူပေးခဲ့ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ထို့ပြင် ကားမိုင်းဗျူဟာကုန်းမှ လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း KIAက အသိပေးသည်။

စစ်ကောင်စီတပ်က မအူပင် ရေကာတာကျေးရွာအနီး ဧပြီ ၂၅ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ဟု KIAက ဖော်ပြသည်။ ထို့အပြင် ကားမိုင်းနှင့် နန့်ယားကျေးရွာအကြား ရေကာတာရွာအနီး စစ်ကောင်စီတပ် အင်အားအလုံးအရင်းစစ်ကြောင်းထိုးလာ၍ တိုက်ပွဲပြင်းထန်ခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။ မအူပင်ရေကာတာအနီး၌ ဧပြီ ၂၄ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာပြီး ယမန်နေ့တိုက်ပွဲတွင်လည်း အထိနာပြီး စစ်ကောင်စီတပ်ပြန်ဆုတ်ခွာသွားသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ