Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှုကြောင့် တိမ်းရှောင်လာသည့် လူငယ်များကို လူသားချင်းစာနာမှုဖြင့် စောင့်ရှောက်ပေးရန် အိမ်နီးချင်းနိုင်ငံများကို NUG ထပ်မံတိုက်တွန်း

အိမ်နီးနားချင်းနိုင်ငံများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မစစ်သား စုဆောင်းမှုကြောင့် ထွက်ပြေး တိမ်းရှောင်လာသော လူငယ်များကို လူသားချင်းစာနာသော မူဝါဒအားအခြေခံ၍ စောင့်ရှောက်မှုများ လုပ်ဆောင်ပေးပါရန် အထူးတလည် တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဧပြီ ၂၈ရက်တွင် ကြေညာချက် ထုတ်ပြန်တောင်းဆိုသည်။

ဧပြီ ၂၅ ရက်က ထိုင်းနိုင်ငံအတွင်း တရားမဝင်လာရောက်သော မြန်မာလူငယ်များအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးနေစဉ်။ ဓာတ်ပုံ - Khaosod English

ထားမြတ်/People’s Spring

အိမ်နီးနားချင်းနိုင်ငံများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မစစ်သား စုဆောင်းမှုကြောင့် ထွက်ပြေး တိမ်းရှောင်လာသော လူငယ်များကို လူသားချင်းစာနာသော မူဝါဒအားအခြေခံ၍ စောင့်ရှောက်မှုများ လုပ်ဆောင်ပေးပါရန် အထူးတလည် တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဧပြီ ၂၈ရက်တွင် ကြေညာချက် ထုတ်ပြန်တောင်းဆိုသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ မြန်မာနိုင်ငံရှိ အတင်းအကြပ် စစ်မှုထမ်းစေခြင်း၏ လက်တွေ့အခြေအနေများ အစီရင်ခံစာတွင် အထက်ပါအတိုင်း တိုက်တွန်းထားခြင်းဖြစ်ပြီး နိုင်ငံတကာအနေဖြင့် စစ်ကောင်စီကို အရေးယူပေးရန် တောင်းဆိုထားသည်။

ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား အကြမ်းဖက်စစ်အုပ်စု၏ ယခုလုပ်ရပ်များကို အမြန်ဆုံးရပ်တန့်နိုင်ရန်အတွက် ထိရောက်သော စီးပွားရေး ပိတ်ဆို့မှုနှင့် လေယာဉ်ဆီအပါအဝင် လက်နက်များတင်ပို့ ရောင်းချမှုအား ပိတ်ပင်ခြင်းတို့ကို ချက်ချင်းလုပ်ဆောင်ရန် NUG​၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ၂၀၂၄ ဖေဖော်ဝါရီမှစ၍ အသက် (၁၈)နှစ်မှ (၃၅)နှစ်ကြား လူငယ်များအား အဓမ္မစစ်မှုထမ်းစေခြင်းများကို ပုံစံမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ယခုထုတ်ပြန်သည့် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ အစီရင်ခံစာသည် အတင်းအကြပ် စစ်မှုထမ်းစေခိုင်းခံခဲ့ရသည့် လူငယ်များ၏ ထွက်ဆိုချက်များကို အခြေခံ၍ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျုးလွန်သည့် စစ်အုပ်စု၏ နည်းနာများကို တင်ပြထားဟု အသိပေးသည်။

ထွက်ဆိုချက်များအရ လူငယ်များသည် နေအိမ်များ၊ လုပ်ငန်းခွင်များနှင့် စစ်ဆေးရေး ဂိတ်များတွင် အကြမ်းဖက်စစ်အုပ်စု၏ စီမံချက် ချမှတ် ဖမ်းဆီးမှုများကို ရင်ဆိုင်ခဲ့ရသည်ကို တွေ့ရကြောင်း ဖော်ပြသည်။

စစ်အုပ်စုသည် တနေ့တခြား စစ်သည်အင်အား လျော့နည်းလာမှုနှင့် ဘက်ပြောင်း လက်နက်ချမှုများ အဆမတန် များပြားလာမှုများကို အစားထိုး ဖြေရှင်းနိုင်ရန်အတွက် အမည်ခံ “ပြည်သူ့စစ်မှုထမ်း ဥပဒေ” ကို ဗျူဟာတရပ်အနေဖြင့် ချမှတ်ကျင့်သုံးလျက်ရှိကြောင်း ထုတ်ပြန်သည်။

လူငယ်များနှင့် မိသားစုများကို ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ အတင်းအကြပ် အကြမ်းဖက်ခေါ်ဆောင်သည့် နည်းလမ်းများကိုသုံး၍ စစ်သားစုဆောင်း လျက်ရှိရာ စုဆောင်းခြင်းခံရသည့် လူငယ်များထဲတွင် အသက်မပြည့်သေးသည့် ကလေး သူငယ်များနှင့် စစ်မှုထမ်းရန် မသင့်လျာ်သော ရုပ်ပိုင်း၊ စိတ်ပိုင်းမသန်စွမ်းသူများပင် ပါဝင်ကြောင်းတွေ့ရှိရဟု ဖော်ပြသည်။

ဝန်ကြီးဌာနက မှတ်တမ်းတင်နိုင်သည့် ထွက်ဆိုချက်များအနက် စစ်မှုထမ်းရန် အကြုံးဝင်သည့် လူငယ်များ၏ အမည်စာရင်းကို ကောက်ယူပြီး မိသားစုဝင်များထံ ငွေညှစ်တောင်းခံသည့် ဖြစ်ရပ်များလည်း တွေ့ရကြောင်း၊ ထိုတွေ့ရှိချက်များအရ အတင်းအကြပ် စစ်မှုထမ်းစေခိုင်းနေခြင်းများသည် အဓမ္မလုပ်အား ခိုင်းစေခြင်းနှင့် လူကုန်ကူးမှု ကျူးလွန်ခြင်းများမြောက်ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် အသက် (၁၈) နှစ်မှ (၃၅)နှစ်အတွင်းရှိ လူငယ်များကို စစ်ရေးဗျူဟာတရပ်အနေဖြင့် ကျင့်သုံး၍ စစ်မှုထမ်းစေခိုင်းနေခြင်းသည် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှု (Crimes against humanity) မြောက်ကြောင်း သုံးသပ်နိုင်ဟု ဖော်ပြထားသည်။

စစ်ကောင်စီက လူငယ်များအား အချိန်တို စစ်သင်တန်းပေးကာ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်မှုများ ပြုလုပ်ခဲ့၍ စစ်မှုထမ်း တပ်သားသစ်များအနေဖြင့်တိုက်ပွဲ၌သေဆုံးထိခိုက်ခြင်း၊ စစ်သုံ့ပမ်းအဖြစ်ဖမ်းဆီးခံရခြင်းအပြင် တပ်သားသစ်များ အစုအဖွဲ့လိုက်ဖြစ်စေ တဦးချင်းဖြစ်စေ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချ ပူးပေါင်း အလင်းဝင်ခြင်း ဖြစ်စဉ်များစွာရှိခဲ့သည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲတွင် KIA ထံ အလင်းဝင်ခဲ့သည့် တပ်သား မျိုးမင်းထွန်းသည် ၎င်းအပါအဝင် ၁၂ဦးကို ခေါ်ကာ လက်နက်များယူလာပြီး KIAထံ အလင်းဝင်ခဲ့ကြောင်း ကာယကံရှင်က ပြောပြထားသည်။ အဓမ္မ စစ်မှုထမ်းရန် ခေါ်ဆောင်စဉ် ထွက်ပြေးသော်လည်း မလွတ်ဘဲ အဖမ်းခံရပြီး စစ်သားစုဆောင်းခံရဟု ၎င်းက ပြောသည်။

စစ်ကောင်စီနှင့် ရပ်ကွက်ဥက္ကဋ္ဌက သင်တန်းဆင်းပြီးပါက ကိုယ့်ရွာ လုံခြုံရေး ၂နှစ် လုပ်ဆောင်ရမည် လစာ ၄သိန်း၊ ၅သိန်းရမည်ဟု လိမ်ညာ ပြောဆိုသော်လည်း အမှန်တကယ် ရဘဲ ရှေ့တန်း၌ စစ်ကောင်စီက ခိုင်းစေသည်များကို လုပ်ဆောင်ခဲ့ရဟု တပ်သား မျိုးမင်းထွန်းက ပြောသည်။

“အုပ်ကြီးက စပြောကတည်းက မင်းတို့ နှစ်နှစ်ပဲ ထမ်းဆောင်ရမှာ နှစ်နှစ်ပြီးထွက်ရမှာ ရှေ့တန်းမထွက်ရဘူး။ တပ်ရင်းမှာပဲနေရမှာ။ တလကို လစာ ၆ သိန်းရတယ်။ ၇သိန်းရတယ် လျှောက်ပြောတာ။ ဘာမှ မရဘူး ကျနော်တို့ တိုက်ပွဲမဖြစ်ခင် ကင်းစောင့်ရတယ်။ ဖက်ထပ်လုပ်ရတယ်။ ဆက်သွယ်ရေးမြောင်း တူးရတယ်” ဟုလည်း ဗန်းမော်တိုက်ပွဲ၌ အလင်းဝင်လာသည့် အခြားတပ်သား တစ်ဦးဖြစ်သူ မင်းထွေးဦးက ပြောသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲ၌ လင်းဝင်လာသူတစ်ဦးဖြစ်သည့် တပ်သား အောင်မိုးသက်ကလည်း “ ဆယ်တန်း ဖြေနေတုန်းကို ကျူရှင်က ပြန်လာတာ။ ည ၁၀နာရီ ၁၁နာရီလောက်ရှိပြီ။ အဲဒါ ညဘက်ပတ်ကင်းကားနဲ့ တွေ့တာ။ သူတို့တွေ မူးမူးနဲ့ ဖမ်းတာ။ အုပ်ကြီးကလည်း လူလိုနေတော့ ကျနော့်ကို မျက်စိကျသွားတဲ့ ပုံံစံဖြစ်တာ။ အဲဒါကြောင့် ကျနော့်ကိုထည့်လိုက်တာ။ ပြောလည်းမရဘူး။ ကျနော်စာမေးပွဲ ဖြေနေတယ်လို့ဆိုတော့ ရတယ်ဘာမှ မဖြစ်ဘူး။ ခဏပဲ ၂နှစ်ဆိုတာ ဖင်လှည့် ခေါင်းလှည့် ခေါင်းလှည့်နဲ့ ပြီးသွားမှာပဲလို့ ထည့်လိုက်တာ” ဟု ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုများက ပြည်သူ့စစ်မှုထမ်း တပ်သားသစ်များ အပါအဝင် စစ်ကေငာ်စီတပ်သားများ စစ်ကောင်စီအတွက် အသက်အသေမခံဘဲရသည့်နည်းဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက် အလင်းဝင်ကြရန် တိုက်တွန်းထားသည်။

မြန်မာလူငယ်များသည် စစ်မှုထမ်းဥပဒေကို ရှောင်ရှားရန်အတွက် အိမ်နီးခြင်းထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်ဒေသများမှ ဝင်ရောက်နေရာ ထိုင်းအာဏာပိုင်များက တရားမဝင်ရောက်လာသူများအား ဖမ်းဆီးနေသည်။ ထို့ကြောင့် ထိုင်းနယ်စပ်များတွင် မြန်မာလူငယ်အများအပြား ဖမ်းဆီးခံနေရသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

သတင်း

ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှ စစ်ဘေးရှောင်များခ်ိုလှုံနေသည့်တောင်လေးလုံဘုန်းကြီးကျောင်းကို စစ်ကောင်စီကပြီးခဲ့သည့် မေလ ၈ရက်တွင်ဗုံးဖြင့်ကြဲချခဲ့သည့်ရုပ်သံမှတ်တမ်းယနေ့ထွက်ပေါ်လာသည်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုကြရန် တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက ယနေ့ ထုတ်ပြန်သည်။

Facebook