Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဦးတည်လာသည့်လမ်းပိုင်းများတွင် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ် ထိခိုက်မှုများ

ဖားကန့်မြို့ဦးတည်လာသည့် လမ်းပိုင်းများတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် ထိခိုက်မှုများနေသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ − Getty Images

မေ ၂၊၂၀၂၅ဇော်ရမ်း/People’s Spring

ဖားကန့်မြို့ဦးတည်လာသည့် လမ်းပိုင်းများတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် ထိခိုက်မှုများနေသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် မိုးကောင်း-ကာမိုင်း-နမ့်ယား- လုံးခင်း-ဖားကန့်လမ်းပိုင်းနှင့် မြစ်ကြီးနား-နမ္မတီး-လက်ဝါး-တနိုင်း- ဖားကန့်လမ်းတို့မှတဆင့် အင်အားအများအပြားဖြင့် ဧပြီ၂၃ရက်ကစတင်ကာ ဖားကန့်မြို့သို့ ဦးတည်စစ်ကြောင်းထိုးနေပြီး ယင်းလမ်းပိုင်းနှစ်ခုရှိ မအူပင်၊ နမ့်ယားနှင့် လဝါးကျေးရွာတို့တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဟု ကချင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

” ဒီတစ်ခါတိုက်ပွဲက ကိုယ်ကစောင့်တိုက်ရတာမို့ အသာစီးရတယ်။ နမ့်ယားရွာဘက်ကို တိုးလာတဲ့စစ်ကြောင်းကို တိုက်တာမှာ တစ်ပတ်အတွင်း ၁၀၀လောက် သေတယ်။ ကိုယ့်ဘက်မှာက ပြင်းထန်တဲ့အထိအခိုက်မရှိပါဘူ။ မြေပြင်အနေအထားမှာလည်း အသာစီးရထားတယ်”ဟု KIAစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

နမ့်ယားကျေးရွာသည် ဖားကန့်မြို့နှင့် ၁၂မိုင်ခန့်အကွာ၌ရှိပြီး အဆိုပါကျေးရွာ ရဲစခန်းကို ၂၀၂၄တွင် KIA က သိမ်းယူထားသည်။စစ်ကောင်စီတပ်သည် မြေပြင်တွင်အထိနာနေသော်လည်း လေကြောင်းပစ်ကူဖြင့် ရှေ့တိုးလာနေပြီး နမ့်ယားကျေးရွာကို ပြန်သိမ်းရန်ကြိုးပမ်းနေသည်ဟု ဆိုသည်။

ထို့အပြင် မြစ်ကြီးနား-နမ္မတီး-လဝါး-တနိုင်း- ဖားကန့်လမ်းမှတဆင့် စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကိုလည်း လဝါးကျေးရွာတွင် KIA၊PDF ပူးပေါင်းတပ်က တိုက်ခိုက်နေပြီး တိုက်ပွဲအလွန်ပြင်းထန်နေသည်။

မေလ ၁ရက်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၃ဦးသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးသွားကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ဖားကန့်မြို့အဝင်လမ်းပိုင်းများ၌ တိုက်ပွဲများပြင်းထန်နေပြီး ဖားကန့်ဒေသခံများအနေဖြင့်လည်း စစ်ရေးသတိပြုနေထိုင်ကြရန် ဖားကန့်ဒေသ စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်နေသူများက သတိပေးသည်။

ဖားကန့်မြို့ကို KIAက မထိန်းချုပ်နိုင်သေးသော်လည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်း အပြည့်အဝ လည်ပတ်ခြင်းမရှိတော့ပေ။ ဆိုင်းတောင်ကျေးရွာကို KIA က ထိန်းချုပ်ထားသည်။

ငလျင်ကပ်ဘေးကြောင့် စစ်ကောင်စီသည် အပစ်ရပ်စဲမည်ဟု ကြေညာထားသော်လည်း အမှန်တကယ် အပစ်ရပ်စဲခြင်းမရှိဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ၊ ထိုးစစ်ဆင်မှုများ လုပ်ဆောင်ကာ ကြေညာချက်အပေါ် အမြတ်ထုတ်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက People’s Spring အား ပြောထားသည်။

ဧပြီ ၂ရက် မှ ၂၂ရက်အထိ အပစ်ရပ်စဲမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဧပြီ ၂၃ရက်မှ ၃၀ရက်အထိ ထပ်မံ သက်တမ်းတိုးကြောင်း ကြေညာခဲ့သေးသည်။ သို့သော် စစ်ကောင်စီသည် တစ်ရက်မှ အပစ်ရပ်စဲခြင်းမရှိဘဲ နိုင်ငံတဝန်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ထိုးစစ်ဆင်မှုများလုပ်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်‌ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။