Connect with us

Hi, what are you looking for?

သတင်း

ခမရ(၃၄၉)တပ်ရင်းမှူး ညောင်လေးပင်မြို့နယ်တိုက်ပွဲအတွင်း ဒရုန်းထိမှန်သေဆုံးဟု ဖမ်းဆီးခံပျူခေါင်းဆောင် ပြော

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)လက်အောက်ခံ ခမရ(၃၄၉)တပ်ရင်းမှူးသည် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်တိုက်ပွဲအတွင်း ဒရုန်းထိမှန်သေဆုံးခဲ့ကြောင်း အမှတ်(၂)စစ်ဒေသက ဖမ်းမိသည့် ပျူစောထီးခေါင်းဆောင်လှိုင်မင်းက ပြောသည်။

မေ ၃၊၂၀၂၅။ရဲခေါင်/People’s Spring

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)လက်အောက်ခံ ခမရ(၃၄၉)တပ်ရင်းမှူးသည် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်တိုက်ပွဲအတွင်း ဒရုန်းထိမှန်သေဆုံးခဲ့ကြောင်း အမှတ်(၂)စစ်ဒေသက ဖမ်းမိသည့် ပျူစောထီးခေါင်းဆောင်လှိုင်မင်းက ပြောသည်။

၂၀၂၄ သြဂုတ်တွင် ညောင်လေးပင်မြို့နယ်၊ရေဖြူကန်ကျေးရွာ၌ လာရောက်တပ်စွဲစဥ် ခမရ(၃၄၉) တပ်ရင်းမှူး နေထိုင်သည့် နေအိမ်ပေါ် ဒရုန်းချတိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့ခြင်းဟု လှိုင်မင်းက ပြောသည်။

ထို့အပြင် ခမရ(၃၄၉)တပ်ရင်းမှ ဒုတပ်ကြပ်အပါအဝင် လေးဦးနှင့် ပျူစောထီးငါးဦးလည်း ဒရုန်းထိမှန်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တပ်ရင်းမှူးသေဆုံးခဲ့သည့် ဖြစ်စဥ်ကြောင့် ဒုတပ်ရင်းမှူးသည် BA -100 အမျိုးအစားလက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရေဖြူကန်ရွာရှိ နေအိမ်များ မီးရှို့ဖျက်ဆီးရန်ခိုင်းစေခဲ့ကြောင်း ထွက်ဆိုသည်။ ရွာပတ်လည်တွင်လည်း တိုက်မိုင်း၊နင်းမိုင်းများကို ထောင်းခိုင်းခဲ့ကြောင်း ထွက်ဆိုသည်။

“တင်ဝင်းထွန်းလို့ ခေါ်တယ်။သူ့ဆရာအဲဒီလိုကျ ရမလားဆိုပြီး သေနတ်ဖောက်တယ်။သတင်ပို့တယ်။ဒရုန်းတွေနဲ့လာချခံနေရပြီဆိုပြီး။ရွာနားမှာလည်း ရန်သူတွေဝိုင်းနေပြီဆိုပြီးတော့။လက်နက်ကြီးနဲ့ပစ်တော့ ရွာသားတွေလည်းထိတယ်။နောက်နေ့တော့ ရွာသားတွေကို တစ်ယောက်မကျန်ထုတ်ခိုင်းတယ်။ဒီမှာတစ်ယောက်မှနေလို့ မရဘူးဆိုပြီး။ရွာကို ခါ လိုက်တာပေါ့။ကျသွားတဲ့တပ်ရင်းမှူးကို ထုတ်ပြီး နှစ်ရက်လောက် နေတော့ မိုင်းတွေခင်းတယ်”ဟု လှိုင်မင်းက ပြောသည်။

ထို့နောက် တပ်ရင်းမှူးသေဆုံးသွားသည့် ခလရ(၃၄၉ )တပ်ရင်းနေရာကို စက်တင်ဘာ ၁၀ရက်တွင် ခလရ(၅၉)တပ်ရင်းဖြင့် အစားထိုးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ခလရ(၅၉)တပ်ရင်းလည်း စက်တင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ သုံးရက် ဒရုန်းဖြင့် တိုက်ခိုက်ခံရကာ စစ်ကောင်စီတပ်သားနှစ်ဦး၊ရဲတစ်ဦး သေဆုံးပြီး ပျူစောထီးတစ်ဦး ဒဏ်ရာရသည်ဟု ဆိုသည်။

၂၀၂၄ နိုဝင်ဘာတတိယပတ်တွင် ဒိုက်ဦးမြို့အခြေစိုက် ခမရ(၄၄၀)တပ်ရင်းမှ အဓမ္မစုဆောင်းထားသည့် တပ်သားသစ် ၄၀၀ခန့်ကို သထုံမြို့သို့ ပို့ဆောင်ခဲ့ရာလမ်း၌ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားသုံးဦး သေဆုံးကြောင်း ၎င်းက ဆိုသည်။

ယခုနှစ် ဇန်နဝါရီ ၁၅ ရက်ကလည်း မုက္ခမူကျေးရွာတိုက်ပွဲအတွင်း ကျေးရွာပျူစောထီးမင်းအောင်နှင့်ခမရ(၂၀)တပ်ရင်းမှ တပ်ကြပ်ကြီးမြင့်နိုင်သေဆုံးကာ ဘန်ကာငါးလုံး မီးလောင်ပျက်စီးခဲ့ကြောင်း လှိုင်မင်းက ထွက်ဆိုသည်။

ဇန်နဝါရီ ၁၈ရက်က ညောင်လေးပင်မြို့နယ်အင်းဝိုင်းနှင့် ပုစွန်မြောင်းကျေးရွာကြားထိတွေ့မှုတွင် ခမရ(၈)မှတပ်ကြပ်ကြီးစန်းအောင် အပါအဝင် တပ်သားတစ်ဦး၊နယ်မြေခံရဲတပ်သားနှစ်ဦးနှင့် ရဲတပ်သား၏ ဇနီးတစ်ဦးတို့သည် နေရာ၌ သေဆုံးကြောင်း ၎င်းက ပြောသည်။ဖေဖော်ဝါရီက စွဲတလွဲရွာတိုက်ပွဲတွင်လည်း ခလရ(၂၀)တပ်ရင်းမှ တပ်သားတစ်ဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိကြောင်း ၎င်းက ပြောသည်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် စစ်ကောင်စီ၏ ခမရ (၂၀)၊ ခမရ(၅၈၄)တပ်ရင်းနှင့် ခလရ(၅၁)တပ်ရင်းတို့သည် ပြည်သူများအား အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း အမှတ်(၂)စစ်ဒေသက ဖမ်းဆီးထားသော ညောင်လေးပင်မြို့နယ်မှ ပျူစောထီးခေါင်းဆောင်း လှိုင်မင်းက ထွက်ဆိုလိုက်သည်။

ပျူစောထီးခေါင်ဆောင်လှိုင်မင်းသည် ၎င်း၏မိသားစုဝင်များနှင့်အတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ ကျိုက်ထီးရိုးတောင်ခြေရှိ ကဒက်ချောင်းရေတံခွန်၌ ရေကစားနေစဥ် ဧပြီ ၁၅ရက်တွင် သွားရောက်ဖမ်းဆီးခဲ့ခြင်းဟု တောင်ပိုင်းစစ်ဒေသ၊ စစ်ဆင်ရေးနယ်မြေ(၁)၊ အမှတ် (၂၇)စစ်ဗျူဟာ တာဝန်ခံ ကိုအေးမင်းထွန်းက လူထုနွေဦးသို့ ပြောသည်။

ပျူစောထီးခေါင်းဆောင်း လှိုင်မင်း၏ ထွက်ဆိုချက်ကို အမှတ် (၂၇)စစ်ဗျူဟာ၊ အမှတ်(၂)စစ်ဒေသခွဲက ယနေ့(မေ ၂ရက်)တွင် ထုတ်ပြန်ခြင်း ဖြစ်သည်။

၂၀၂၃ မှ ယခု၂၀၂၅ ဖေဖော်ဝါရီလပိုင်းအထိ ညောင်လေးပင်မြို့နယ်အတွင်း ခမရ(၂၀) ၊ခလရ(၅၁) နှင့် ခမရ(၅၈၄)တပ်ရင်းအပြင် ခမရ (၃၄၉)၊ခလရ (၃၅၀)၊ခလရ(၄၄၀)နှင့် ခမရ(၈)တပ်ရင်းတို့ကလည်း ဒေသခံများ သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သည်ဟု ပျူစောထီးခေါင်းဆောင်း လှိုင်မင်းက ဖွင့်ဟသည်။

၎င်း၏ ထွက်ဆိုချက်များအရ အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုတွင် ခမရ(၂၀)တပ်ရင်းမှဗိုလ်မှူးနေလင်း၊ ဗိုလ်ကြီးကျော်စွာလင်းနှင့် ဗိုလ်ကြီးဇော်မျိုးထွဋ် အပြင် ခလရ(၅၉)တပ်ရင်းမှ ဗိုလ်ကြီး ချစ်ကိုဝင်းတို့က အဓိက ကျူးလွန်ခဲ့ကြောင်း အသိပေးသည်။ 

ဆက်စပ်သတင်းများ

သတင်း

ရှေးဟောင်းမြို့တော် ပုဂံ၊ညောင်ဦးမြို့က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် နောင်နောင်အပါအဝင် ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းထိုး အကြမ်းဖက်နေတဲ့ ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်မှာ ဒေသခံ ပြည်သူ ဆယ်နဲ့ချီအသတ်ခံရသလို ​ဒေသခံ ၁၀၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံအချို့က​ပြောပါတယ်။

သတင်း

မန္တလေးမြို့‌မှာ စစ်ကောင်စီတပ်လက်ဝေခံ ပြည်သူ့စစ်ခေါ် ပျုစောထီးတွေထဲမှာနာမည်ဆိုးနဲ့ကျော်ကြားသူပျုစောထီးခေါင်းဆောင်စံရှားကိုစစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၄ ရက်မှာ ဖမ်းဆီးသွားတယ်လို့ ရဲအသိုင်းအဝိုင်းက နေသိရပါတယ်။

သတင်း

မြင်းခြံပြည်သူ့စစ် ခေါင်း ဆောင်သီတာယုမွန်ရဲ့ အမျိုးသား စိန်လွင်ကို မူးယစ် ဆေးဝါး တွေနဲ့ အတူဖမ်းမိထားတယ်လို့ မြင်းခြံခရိုင်တပ်ရင်း၃ ( တောင်သာ) တာဝန်ရှိသူက ပြောပါတယ်။