အမေရိကန် အစိုးရက ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနဲ့ သားနှစ်ယောက်ကို ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှု အသစ်တွေကိုချမှတ်လိုက်ပါတယ်။
အမေရိကန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့ရေး မူဝါဒတွေကို အဓိက တာဝန်ယူရတဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက စောချစ်သူနဲ့ သားနှစ်ယောက်ဖြစ်တဲ့ စောထူးအယ်မူး၊ စောချစ်ချစ်တို့ကို အရေးယူ ဒဏ်ခတ်မှုတွေ သတ်မှတ်လိုက်ကြောင်း မေလ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
အရေးယူ ပိတ်ဆို့မှု စာရင်းမှာ အဲဒီ လူပုဂ္ဂိုလ် ၃ ယောက်သာ မကဘဲ စောချစ်သူ ဦးဆောင်နေတဲ့ BGFကနေ ကရင်အမျိုးသားတပ်မတော်(KNA)လို့ နာမည်ပြောင်းထားတဲ့ လက်နက်ကိုင် အစုအဖွဲ့ပါ ပါဝင်မှာ ဖြစ်ပါတယ်။

Public Service Announcement
အမေရိကန်နိုင်ငံသားတွေကိုပစ်မှတ်ထားပြီး ဆိုက်ဘာ ငွေကြေးလိမ်လည်မှု ကျူးလွန်တာတွေ၊ လူမှောင်ခိုမှုတွေနဲ့ နယ်စပ်ဖြတ်ကျော် မှောင်ခိုမှုတွေအတွက် အခုလို အရေးယူတာ ဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။
စောချစ်သူရဲ့ ဦးဆောင်မှုအောက်မှာ ရှိနေတဲ့ BGF တဖြစ်လဲ KNAဟာ ထိုင်း-မြန်မာ နယ်စပ်နားက နယ်မြေတချို့ကို ထိန်းချုပ်ထားပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရွှေကုက္ကိုလိုမျိုး ကျားဖြန့် ငွေလိမ်လုပ်ငန်း ဗဟိုချက် နေရာတွေကို နိုင်ငံခြား ဒုစရိုက်ဂိုဏ်းတွေနဲ့ ပူးပေါင်းထူထောင်ထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေမှာတော့ BGFရဲ့ ဌာနချုပ်လို့ ဆိုနိုင်တဲ့ မြဝတီမြို့ဟာ တရုတ်၊ ထိုင်းနဲ့ စစ်ကောင်စီတို့ ပူးပေါင်းပြီး ကျားဖြန့်လုပ်ငန်းတွေကို ဖြိုခွင်းတဲ့ စစ်ဆင်ရေးတွေကြောင့် နိုင်ငံတကာ အာရုံစိုက်ခြင်း ခံရတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။မြဝတီဟာနှစ်စဉ်ဒေါ်လာ၁ဘီလီယံလောက်တန်ဖိုးရှိတဲ့ နယ်စပ်ကုန်သွယ်မှုတွေကို ကိုင်တွယ်နေတဲ့ မြို့လည်း ဖြစ်ပါတယ်။
KNAလို အဖွဲ့အစည်းတွေက ကိုင်တွယ်လည်ပတ်ပေးနေတဲ့ ဆိုက်ဘာ ငွေလိမ်ဂိုဏ်းတွေဟာ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်တွေ၊ကြံရာပါတွေအတွက် ဒေါ်လာ ဘီလီယံနဲ့ချီ များပြားတဲ့ ဝင်ငွေတွေကို တိုးပွားရရှိစေပြီး ချွေးနှဲစာတွေကို ပင်ပင်ပန်းပန်း ရှာဖွေထားရတဲ့ နစ်နာသူတွေကို အထိနာစေသလို လုံခြုံရေး အတွက်လည်း စိုးရိမ်စရာ ကိစ္စမျိုး ဖြစ်လာတယ်လို့ အမေရိကန် ဒုတိယ ဘဏ္ဍာရေးဝန်ကြီးမိုက်ကယ်ဖော်လ်ကန်ဒါကဆိုပါတယ်။
ဘဏ္ဍာရေး ဝန်ကြီးဌာန အနေနဲ့ ရှိသမျှ အရင်းအမြစ် အားလုံးကို အသုံးပြုပြီး ဆိုက်ဘာ ငွေလိမ်လုပ်ငန်း ကွန်ရက်တွေကို ဖျက်ဆီးဖို့၊ ဒုစရိုက်မှုတွေကနေ အကျိုးအမြတ် ရှာဖွေနေသူတွေကို အရေးယူဖို့ လုပ်ဆောင်သွားမယ်လို့လည်း သူက ပြောကြားသွားပါတယ်။
စောချစ်သူဟာအာဏာသိမ်းစစ်ကောင်စီရဲ့ မဟာမိတ် တစ်ဦးဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကို သီရိပျံချီဘွဲ့ ပေးအပ်ပြီး ဂုဏ်ပြုခဲ့ပါတယ်။
ကိုးကား- Reuters
