Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် ကပ်မော်ဒေသတိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်မှုများ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မေလ ၅ရက်ကတိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်နှစ်ဦး တိုက်ပွဲတစ်ခုအတွင်း ပစ်ခတ်နေစဉ်။ ဓာတ်ပုံ − CJ

မေ ၆၊၂၀၂၅။မိုးမိုး/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မေလ ၅ရက်ကတိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ဖားကန့်ဒေသကို အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ယမန်နေ့တွင် နန့်ယားအထက် ကပ်မော်ကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ဟု ဆိုသည်။

“မနေ့က ဖားကန့်လမ်းမှာ ဖြစ်တဲ့တိုက်ပွဲမှာ စခတွေ ၄၀ကျော်သေတယ်လို့ ပြောတယ်။ ကပ်မော် ဆုတောင်းတောင်ပေါ့ အဲဒီတဝိုက်မှာ တိုက်ပွဲဖြစ်တာ”ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဒဏ်ရာရသူများလည်းရှိဟု ဆိုသည်။ သို့သော် စစ်ကောင်စီပူးပေါင်းတပ်၏ သေဆုံးထိခိုက်မှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များသည် ဖားကန့်ဒေသ ပြန်လည်စိုးမိုးနိုင်ရေး အင်အားရာနှင့်ချီထိုးစစ်ဆင်လျက်ရှိရာ KIAက ခုခံတိုက်ခိုက်ခဲ့၍ ဧပြီလကုန်ပိုင်းနှင့် မေလဆန်း၌ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ထို့အပြင် KIAပူးပေါင်းတပ်က မြို့သိမ်းစစ်ဆင်ရေး ဆင်နွှဲနေသည့် ဗန်းမော်တွင်လည်း ယမန်နေ့နှင့် ယနေ့(မေလ ၆ရက်)တွင် တိုက်ပွဲပြင်းထန်ခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။

“ဗန်းမော်မှာလည်း မနေ့က တနေကုန် တိုက်ပွဲပြင်းထန်တယ်။ ဒီနေ့လည်း စခတွေက သံချပ်ကာ တစီးနဲ့သူတို့ထိုးစစ်ဆင်တာ တိုက်ပွဲဖြစ်တာ။ ညနေပိုင်း ၃နာရီလောက်ကနေ ငါတို့ဘက်က ပြန်ထိုးစစ်ဆင်လို့ တိုက်ပွဲဖြစ်နေတာ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

KIA သတင်းပြန်ကြားရေးဌာန၏ ပြီးခဲ့သည့် တပတ်အတွင်း သတင်းဖော်ပြချက်တွင် ဧပြီ ၂၅ရက်မှစ၍ ဗန်းမော်မြို့ရှိ စကခ(၂၁)တပ်ဌာနချုပ်၊ ခလရ(၄၇)တပ်ရင်း၊ ဆေး၊ ထောက်ပို့နှင့် အင်ဂျင်နီယာတပ်ရင်းများကို အပြင်းအထန် တိုက်ခိုက်နေပြီး ဖားကန့်လမ်းပိုင်း တိုက်ပွဲများတွင်လည်း နှစ်ဖက်ထိခိုက်မှုရှိကာ စစ်ကောင်စီဘက်က အသေအဆုံးများပြားလျက်ရှိကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။