Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလက်အောက် လားရှိုးမြို့၌ ဓားပြတိုက်မှု ဆိုးရွားနေ

​စစ်ကောင်စီပြန်ဝင်လာပြီးနောက် ဓားပြတိုက်မှု ၅မှုဖြစ်၊ တရားခံ ဖမ်းမမိသေး

စစ်ကောင်စီအဖွဲ့ပြန်ဝင်လာပြီးနောက် တွေ့ရသော လားရှိုးမြို့အဝိုင်းတနေရာ။ ဓာတ်ပုံ − CJ

မေ ၇၊၂၀၂၅။စိုင်းနန်/People’s Spring

စစ်ကောင်စီအဖွဲ့ပြန်လည်နေရာယူထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဓားပြတိုက်လုယက်မှုများ ဆိုးရွားစွာဖြစ်နေပြီး မေလ ၆ရက်နှင့် ၇ရက်အတွင်း ဓားပြတိုက်ခံရမှု သုံးမှုဖြစ်ခဲ့သည်။

ယ‌နေ့ (မေလ ၇ရက်) နံနက်ပိုင်းနှင့် ညနေပိုင်းတွင် လားရှိုးမြို့ ရေပန်းလမ်းဆုံအနီးရှိ ကားဝပ်‌ရှော့တစ်ခုနှင့် စားသောက်ဆိုင်တစ်ဆိုင်ကို သေနတ်ကိုင်ထားသည့်လူတချို့က ဓားပြတိုက်သွားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“မိန်းလမ်းမကြီးပေါ်မှာပဲ ဖြစ်နေတာ။ နေ့တိုင်းဖြစ်နေတာ။ တရားဥပဒေစိုးမိုးမှုက ဘာမှမရှိတော့ဘူး”ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မေလ ၆ရက်ကလည်း အမှတ်(၁)ရဲစခန်း တိုက်တန်းရှိ ဖုန်းဆိုင် ဓားပြတိုက်ခံရမှုဖြစ်ခဲ့သေးသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

အထက်ပါဓားပြတိုက်မှုသုံးမှုတွင် လူထိခိုက်ခြင်းမရှိသော်လည်း ကား၊ ငွေနှင့် ဖုန်းများ ပါသွားသည်ဟု သတင်းရရှိသည်။

လားရှိုးမြို့တွင် နေ့လယ်ခင်းများပါ ဓားပြတိုက်မှုများဖြစ်ပွားနေ၍ သတိပြုနေထိုင်ကြရန် စစ်ကောင်စီဝါဒဖြန့်ချိရေး သတင်းထောက်အမည်ခံများကိုယ်တိုင် သတိပေးနေကြသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင် လားရှိုးမြို့ကို ကိုးကန့်တပ်မတော်(MNDAA) က၂၀၂၄ သြဂုတ်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး အထူးဒေသ(၁)အဖြစ် ထည့်သွင်းသတ်မှတ်ပြီး အုပ်ချုပ်ရေးယန္တရားအသက်သွင်းနေစဉ် တရုတ်အစိုးရ၏ ဖိအားကြောင့် စစ်ကောင်စီထံ ပြန်ပေးလိုက်သည်။

မြို့ပေါ်ရပ်ကွက် ၁၂ခုကိုသာ MNDAA က ပြန်ပေးခြင်းဖြစ်သည်။

ဧပြီ ၁၉ရက်မှစ၍ လားရှိုးမြို့သို့ စစ်ကောင်စီအဖွဲ့ပြန်ဝင်လာစဉ်ကလည်း တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းဦးဆောင်သည့် ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့၏ အကာအကွယ်ဖြင့် ပြန်ဝင်လာခြင်းဖြစ်သည်။

စစ်ကောင်စီသည် လားရှိုးမြို့ကို မအုပ်ချုပ်နိုင်သေးဘဲ တရားဥပဒေစိုးမိုးမှုမရှိသည့် အခြေအနေဖြစ်နေသည်ဟု မြို့ခံအချို့က ပြောသည်။

စစ်ကောင်စီပြန်ဝင်လာသည့် ဧပြီ ၂၀ရက်‌နောက်ပိုင်း ဓားပြတိုက်မှု ၅မှုဖြစ်ခဲ့ပြီး တရားခံ ဖမ်းမိခြင်းမရှိသလို တိုင်စရာနေရာလည်းမရှိကြောင်း မြို့ခံများက ပြောသည်။

“စစ်ကောင်စီက ဘာအုပ်ချုပ်ရေးမှမလည်ပတ်နိုင်ဘူး။ ဆေးရုံတောင်မလည်ပတ်နိုင်သေးဘူး။ တခုခုဖြစ်ရင်တိုင်စရာနေရာလည်းမရှိဘူး။ ကိုးကန့်အုပ်ချုပ်တုန်းက ဒီလိုမျိုးမဟုတ်ဘူး။ ကိုးကန့်ကချက်ချင်းအရေးယူတာ။ အခု အခြေအနေဆိုးသွားပါပြီ”ဟု လာရှိုးမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီအဖွဲ့စိုးမိုးထားသော ရန်ကုန်၊မန္တလေး၊ပြင်ဦးလွင်နှင့် မုံရွာမြို့တို့တွင်လည်း ဓားပြတိုက်၊လူသတ်၊ လုယက်မှုများ မကြာခဏဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာလူတစုက စတိုးဆိုင်တစ်ဆိုင်ကိုဓါးပြတိုက်ပြီး ဆိုင်ရှင်အမျိုးသမီးနှစ်ဦးကိုပါ သတ်ဖြတ်သွားပါတယ်။

သတင်း

လားရှိုးမြို့‌ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီးနောက်မြို့ခံတွေစိုးရိမ်နေပြီး စက်သုံးဆီနဲ့ စားသောက်ကုန်တွေ ဝယ်ယူစုဆောင်းလာကြပါတယ်။