Connect with us

Hi, what are you looking for?

သတင်း

အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်ဟု KIAပြော

စာသင်ကျောင်းအတွင်း ပညာသင်ကြားနေသော ကလေးငယ်များအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ရာဇဝတ်မှုမြောက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီက မေလ ၁၂ရက်တွင် ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ဒီပဲယင်း ပအဖ

မေ ၁၃၊၂၀၂၅။ထားမြတ်/People’s Spring

စာသင်ကျောင်းအတွင်း ပညာသင်ကြားနေသော ကလေးငယ်များအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ရာဇဝတ်မှုမြောက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ယမန်နေ့(မေလ ၁၂ရက်)က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ စာသင်ကျောင်းအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ သဘောထား မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ စာသင်ကျောင်းများ၌ တပ်စွဲနေထိုင်ပြီး စစ်ရေးလှုပ်ရှားနေသလို ပြည်သူများ၊ စစ်ရှောင်များ၊ ကျောင်းသားကလေးငယ်များ စာသင်နေသည့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့ မနေတဲ့ ကျောင်းတွေမှာ စာသင်နေတဲ့အခါ အခုလိုမျိုး ဗုံးကြဲတာ အဲဒါမျိုးကတော့ တကယ့် ကျနော်တို့ ပြည်သူလူထုရဲ့ အားကိုးရာ တပ်မတော်မဟုတ်ဘူး။ နောက်တခု ပြောမယ်ဆိုရင် ဂျီနီဗာကွန်ဗန်းရှင်းရဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်နဲ့လည်း ကိုက်ညီမှုမရှိဘူး။ ဒါကြောင့် စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းများကို အားကိုး၍ ယင်းနေရာများသို့ စစ်ရှောင်နေသည့် ပြည်သူများကို ဗုံးကြဲသတ်ဖြတ်သည့် လုပ်ရပ်သည် ငြိမ်းချမ်းရေးလမ်းစဉ်နှင့် လွဲနေသည်ဟုလည်း ပြောသည်။

“အခု သူတို့ လုပ်မယ့်ရွေးကောက်ပွဲဟာလည်း ဒီလိုမျိုးခေါင်းဆောင်တွေပဲ ဆက်လုပ်ဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲတွေ ၊ အခုလိုမျိုး ပြည်သူလူထုကို သတ်ဖြတ်တဲ့ စစ်တပ်တွေ အသက်ရှင်ဖို့ လုပ်နေတဲ့ ရွေးကောက်ပွဲမှာလည်း မဲပေးစရာ အကြောင်းတော့မရှိဘူးလို့ ပြည်သူလူထုကိုလည်း ကျနော်က အဲဒီလိုပဲ ပြောလိုပါတယ်။ သူတို့ကို ထောက်ခံစရာ အကြောင်းလည်းမရှိဘူးလို့ ကျနော်က အဲဒီလိုပြောလိုပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အိုးတိန်တွင်းရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ရာ ကျောင်းသား၊ကျောင်းသူ ကလေးငယ် ၂၀ဦးနှင့် ဆရာမ ၂ဦး သေဆုံးကာ ၁၀၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(မေလ ၁၃ရက်)တွင် ထုတ်ပြန်သည်။

ထိုသို့ အစုလိုက်၊အပြုံလိုက် ဗုံးကြဲသတ်ဖြတ်နေသည့် စစ်ကောင်စီတပ်သည် ယနေ့(မေလ ၁၃ရက်)တွင်လည်း ရက္ခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ထွန်းရဝေရွာဟောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၁၃ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် ငလျင်ဘေးအကြောင်းပြုပြီးအပစ်ရပ်စဲမည်ဟု ကြေညာခဲ့သော်လည်း ငလျင်ဘေးကြုံရသည့် မတ်လ ၂၈ရက်မှ မေလ ၉ရက်အထိ တစ်လခွဲအတွင်း နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှု အကြိမ် ၃၇၀ ကျော်ပြုလုပ်ခဲ့ရာ ပြည်သူ ၃၃၄ ဦးသေဆုံးပြီး ၅၅၂ဦးဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

“လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုတွေမှာ ဂျက်လေယာဉ် ၊ ဒရုန်း၊ စက်တပ်လေထီး(ပါရာမော်တာ) တွေအပြင် ဂျိုက်ရိုကော်ပတာလို့ခေါ်တဲ့ ရဟတ်ယာဉ်အငယ်စားတွေကိုပါ အသုံးပြုနေတာလည်းဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးတွေနဲ့လည်း နေ့စဉ်ရက်ဆက် တိုက်ခိုက်လျက်ရှိနေသလို စစ်ကြောင်းထိုးပြီး ရွာတွေကို မီးရှို့ဖျက်ဆီးတဲ့ ဖြစ်စဉ်တွေလဲ ရှိနေတာဖြစ်ပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ ၃ ဦးကို ဖမ်းဆီးအရေးယူထားပြီး တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ထားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။