Connect with us

Hi, what are you looking for?

သတင်း

တောင်ငူတွင် စစ်တပ်လက်နက်ကြီးများဖြင့်ဆက်တိုက်ပစ်ခတ်​နေ၍ ​ဒေသခံများထိတ်လန့်

တောင်ငူမြို့အနီးစစ်ကောင်စီကဇွန်လ ၃ရက် နံနက်အစောပိုင်းမှစတင်ကာ လက်နက်ကြီးများဆက်တိုက်ပစ်ခတ်နေ၍ ဒေသခံများစိုးရိမ်ထိတ်လန့်နေသည်။

ဇွန်-၃၊၂၀၂၅။ဇော်ရမ်း/People’s Spring

တောင်ငူမြို့အနီးစစ်ကောင်စီကဇွန်လ ၃ရက် နံနက်အစောပိုင်းမှစတင်ကာ လက်နက်ကြီးများဆက်တိုက်ပစ်ခတ်နေ၍ ဒေသခံများစိုးရိမ်ထိတ်လန့်နေသည်။

ယနေ့နံနက် ၃နာရီခန့်မှစ၍ စစ်ကောင်စီကလက်နက်ကြီးများပစ်ခတ်ခြင်းဖြစ်ပြီးမြို့ပေါ်ရှိ အိမ်များ တုန်ခါသည်အထိ ပြင်းထန်ကြောင်း ဒေသခံများကပြောသည်။

“မနက် ၃နာရီကနေ ၇နာရီအထိကခဏခဏပစ်တာ။အိမ်တွေကို တုန်ခါနေတာ‌ပဲ။ အဲဒီနောက်ပိုင်းရပ်သွားပြီ ဒီနေ့ခင်းမှာ ထပ်ပစ်နေတယ်။ တိုက်ပွဲဖြစ်တာမရှိဘူးလို့ကြားတယ်။ ဒါပေမဲ့လက်နက်ကြီးတွေ ဆက်ပစ်နေတယ်”ဟုတောင်ငူမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တောင်ငူမြို့နှင့်ဆက်စပ်နေသည့် အုတ်တွင်းမြို့နယ်၊ ဥယဉ်တော်ရွာအနောက်ဘက်၂မိုင်အကွာ၌ စစ်ကောင်စီက လက်နက်ကြီးတပ်ဆင်ထားပြီး ယခင်ရက်ကတိုက်ပွဲဖြစ်ပွားခဲ့သည့် ကြို့ပင်ဆိပ်ရွာ၊ စပါးကြွယ်ရွာတို့ဘက်ကို ပစ်ခတ်နေခြင်းဟု သတင်းရရှိသည်။

“မနက်မိုးမလင်းခင်ကတည်းကပစ်နေတာ။ထိချင်တဲ့သူထိဆိုတဲ့ဟာမျိုးနဲ့။ကျမတို့မြို့ပေါ်မှာအသက်ကြီး အဖိုးအဖွားတွေအရမ်းကြောက်နေကြတယ်။ တိုက်ပွဲမဖြစ်တော့လို့ဒေသခံတွေပြန်ချင်တာလည်း ပြန်လို့မရဘူး”ဟု တောင်ငူမြို့ပေါ်သို့ရောက်ရှိနေသည့်စစ်ဘေးရှောင်တစ်ဦးကပြောသည်။

ဇွန် ၃ရက်မွန်းလွဲ၂နာရီခန့်တွင် ရိက္ခာများ သယ်ဆောင်သွားသည့် စစ်ကောင်စီရဟတ်ယာဉ်တစ်စီးသည် တောင်ငူမြို့ကိုအနိမ့်ပိုင်းမှကပ်ပျံသွားခဲ့သည်။

“ဟက်စကီးကကြိုးတန်းလန်းနဲ့ အထုပ်ကြီးသယ်သွားတယ်။ ပြီးတော့ ၁၅မိနစ်ခန့်အကြာမှာ ပြန်လာတော့အဲဒီအထုပ်ကြီးမပါတော့ဘူး။ ဘယ်ကိုသွားပို့တာလဲမသိဘူး”ဟု တောင်ငူမြို့ခံတစ်ဦးကပြောသည်။

တောင်ငူမြို့နယ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း၏ ၁မိုင်ခန့်မှ ၇မိုင်ခန့်ဝေးသော ကျေးရွာများတွင်မေလ ၂၃ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ခဲ့သည်။ကြို့ပင်ဆိပ်ရွာ၌ တွင်မေလ ၃၀ရက်က တိုက်ပွဲဖြစ်ခဲ့သည်။လက်ရှိတွင်စပါးကြွယ်ရွာ၊ ကြက်တက်ညောင်ပင်ရွာ၊ကြို့ပင်ဆိပ်ရွာ၊ ကြက်ရိုးပင်ရွာ၊ တောပုရွာ၊ဇီးပင်သာ ၊ဘိုကုန်းနှင့် ငုံးမင်းရွာတို့မှ ဒေသခံများ တိမ်းရှောင်နေကြရကြောင်း သိရသည်။

မေလ၂၃ရက်က တိုက်ပွဲဖြစ်နေစဉ်စစ်ကောင်စီတပ်သည် အိမ် ခြေ၄၀၀ ကျော်ရှိသည့်စပါးကြွယ်ရွာကို လေကြောင်းမှတိုက်ခိုက်ပြီး မီးရှို့ခဲ့ကြောင်း ဒေသခံစစ်ဘေးရှောင်များကပြောသည်။ထိုအပြင် မေလ ၂၈ရက်ကလည်း တောင်ငူမြို့နယ်၊ ဒိုးနယ်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ဒေသခံ ပြည်သူ၂ဦးကိုသတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းအတွင်း၌ လက်ရှိတွင် တောင်ငူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေသလို ကျောက်ကြီး၊ရွှေကျင်၊ နတ္တလင်း၊ပေါက်ခေါင်း၊ အုတ်ဖို၊ မင်းလှမြို့နယ် တို့တွင်လည်း စစ်ရေးတင်းမာနေပြီး စစ်ကောင်စီကလက်နက်ကြီးများပစ်ခတ်နေကြောင်း သတင်းရရှိသည်။

လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများနှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများကသီးခြားသတင်းထုတ်ပြန်ထားခြင်းမရှိသေးဘဲ ဒေသခံများအနေဖြင့် စစ်ရေးသတိပြုနေထိုင်ကြရန်သာ အသိပေးမှုများရှိနေသည်။တောင်ငူဒေသတွင်းမှတိုက်ပွဲများနှင့်ပတ်သက်၍လည်း စစ်ကောင်စီကသတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။