ဇွန်-၅၊၂၀၂၅။ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီကနိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့ရာအာဏာသိမ်းပြီးချိန်မှ ယခုနှစ် မေလကုန်အထိ လေကြောင်း တိုက်ခိုက်မှုများကြောင့် လေးငယ်များအပါအဝင် သေဆုံးသူ ၃,၁၀၀ ကျော်ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်သည်။
ဝန်ကြီးဌာနစုစည်းထားသည့် မှတ်တမ်းများအရ စစ်အုပ်စုကျူးလွန်ခဲ့သောလေကြောင်းတိုက်ခိုက်မှုများမှာ မေလကုန်အထိအကြိမ်ပေါင်း ၂,၈၄၁ကြိမ်ရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၃,၁၅၂ ဦး ရှိကြောင်း ဇွန် ၄ ရက်ထုတ် ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
“သေဆုံးသူတွေအထဲမှာအသက်(၁၈)နှစ်အောက်ကလေးသူငယ်၄၆၆ ဦးပါဝင်ပြီး ဒဏ်ရာရသူတွေထဲမှာ ကလေးသူငယ် ၇၁၈ ဦး ပါဝင်ပါတယ်” ဟု ဝန်ကြီးဌာနကအသိပေးသည်။

Public Service Announcement
ကျောင်းသားကျောင်းသူ ၂၂ ဦးနှင့် ဆရာမ ၂ ဦးသေဆုံးခဲ့သော အိုးတိန်တွင်းရွာကျောင်းဗုံးကြဲခံရမှုတွင် သားနှင့်သမီး ၂ ဦးဆုံးရှုံးခဲ့သော မသင်းမာက “ဒီလိုပဲပစ်ထားမလား။ဒီလိုပဲပစ်ထားဆိုတခြားရွာတွေ ၊တခြားကျောင်းတွေပစ်သွားရင်လူတွေလည်း ဘာမှ ရှိမှာမဟုတ်တော့ဘူး။အဲတာကြောင့် တခြားနိုင်ငံတွေလည်းကူညီပေးပါအုံးလို့။ရှုံ့ချ ရုံကလွဲလို့ သူတို့လည်း ဘာမှ မတက်နိုင်ဘူးလားလို့ မေးချင်တာ”ဟု နိုင်ငံတကာကိုမေးခွန်းထုတ်သည်။ စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ခွင့်မလွတ်ဟုလည်း သူကပြောသည်။
ထိုအပြင် လေကြောင်း တိုက်ခိုက်မှုများကြောင့် သင်ကျောင်း (၂၅၁) ကျောင်း၊ ဆေးရုံ၊ ဆေးခန်း (၉၉) ခုနှင့် ဘာသာရေးအဆောက်အအုံ (၄၄၃) ခု ပျက်စီးဆုံးရှုံးခဲ့သည်။
လေကြောင်းတိုက်ခိုက်မှု အများဆုံးခံရသောဒေသများမှာ စစ်ကိုင်း၊မန္တလေး၊ ရက္ခိုင်၊ ရှမ်း နှင့်မကွေးတို့ဖြစ်သည်။ ပဲခူး၊ ကချင်၊ ကရင်၊ ချင်း၊ ကရင်နီ တို့ကိုလည်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခံခဲ့ရသည်။
ထိုအပြင် စစ်ကောင်စီကအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အကြိမ် ၃၉၁ မှု ကျူးလွန်ခဲ့ပြီးသေဆုံးသူ ၄,၁၅၅ ဦး ရှိဟုလည်းဝန်ကြီးဌာနက အသိပေးထားသည်။
စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှုနှင့်ပတ်သက်ပြီးဖော်ပြရာတွင် အတင်းအဓမ္မစစ်သားစုဆောင်းခံရမှုဖြစ်စဉ်ပေါင်း (၁,၄၉၃) ကြိမ်ရှိခဲ့ပြီး အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူ ၂၅,၉၄၄ ဦး ရှိဟု ဖော်ပြသည်။ ယင်းအနက် ပဲခူးတိုင်းသည် အများဆုံး အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းခံရသည့်ဒေသဖြစ်နေသည်။မန္တလေးတိုင်းသည် ဒုတိယ ဖြစ်သည်ဟုသိရသည်။
စစ်ကောင်စီသည် မတ်လ ၂၈ ရက်ရက်ကလှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြောင့် ဟုဆိုကာယာယီ အပစ်ရပ်ကြောင်းကြေညာခဲ့သော်လည်း စစ်ကိုင်းငလျင်လှုပ်ပြီးနောက်ပိုင်း မေလကုန်အထိ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၅၂၈ ကြိမ်ရှိပြီး ပြည်သူ ၄၆၂ ဦးသေဆုံးခဲ့ပြီး ၈၈၄ ဦးဒဏ်ရာရရှိခဲ့သည်။
