ဇွန် – ၉ ၊ ၂၀၂၅ ၊ဆိုင်းမင်း/People’s Spring
မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ်အတွင်းက မြို့သာရဲစခန်းကို တော်လှန် ရေးအဖွဲ့တွေက မနေ့ (ဇွန်လ ၈ ရက် ) မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ မြင်းခြံအခြေစိုက် နဂါးနီပြောက်ကျား တပ်ဖွဲ့ ထံက သိရပါတယ်။
မြို့သာရဲစခန်းကို ဇွန်လ ၈ ရက် မနက် ၅ နာရီခွဲ မှာ လက်နက်ကြီး ၊ လက်နက်ငယ် တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ နာရီဝက်နီးပါး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တာလို့သိရပါတယ်။
” အလစ်အငိုက်ကိုဝင်တိုက်ခဲ့ပြီး တော်လှန်ရေးဘက်ကလည်း အထိ အခိုက်မရှိပြန်ဆုတ်နိုင်ခဲ့ပါတယ်”လို့ နဂါးနီပြောက်ကျား တပ်ဖွဲ့ (မြင်းခြံ) က ဝာာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Public Service Announcement
တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းရှေ့က ဖြတ်သန်းသွားလာသူအချို့ကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးစစ်ဆေးခဲ့တာရှိတယ်လို့သိရပါတယ်။
” မနေ့ကတော့ ဘယ်သူမှ စျေးမထွက်ရဲကြဘူး ၊ ဒီနေ့ (ဇွန် ၉ရက်)တော့ အားလုံးပုံမှန်ပဲ အစစ်ဆေးတော့ရှိတယ်”လို့ မြို့သာစျေးက စျေးသည်တစ်ဦးကပြောပါတယ်။
မြင်းခြံ – မြို့သာလမ်းပေါ်မှာရှိတဲ့ မြို့သာရဲစခန်းမှာ စစ်သားနဲ့ ရဲ အင်အား၅၀နီးပါး အထိုင်ချတပ်စွဲထားတယ်လို့သိရပါတယ်။
မြင်းခြံအခြေစိုက် နဂါးနီပြောက်ကျားတပ်ဖွဲ့ က မြို့သာရဲစခန်းကိုမတိုက်ခင်ကတည်းက မန္တလေး – မြင်းခြံလမ်းပိုင်း ၊ ငါန်းဇွန် – မြို့သာလမ်းပိုင်းကို ည ၉ နာရီကနေ နောက်နေ့ မနက် ၄ နာရီအထိဖြတ်သန်းသွားလာတာမပြုလုပ်လို့ အသိပေးထားပါတယ်။
နိုင်ငံ့အလယ်ပိုင်း ၊ မန္တလေးတိုင်း ၊ မြင်းခြံခရိုင်ထဲက မြင်းခြံ ၊နွားထိုးကြီး ၊ တောင်သာ၊ မြင်းခြံခရိုင်နဲ့ထိစပ်နေတဲ့ ငါန်းဇွန်မြို့နယ်ထဲက စစ်ကောင်စီတပ်စွဲရာနေရာတွေကို ပြီးခဲ့တဲ့ မေလ အတွင်း ၉/အညာမြေ စစ်ဆင်ရေး နဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက စုစည်းတိုက်ခိုက်ခဲ့ကြပါတယ်။


















































