ဇွန် – ၁၀၊ ၂၀၂၅။ ထင်လင်း/People’s Spring
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ရေးအတွက် နျူးကလီးယားနည်းပညာရရှိရန် အရှိန်မြှင့်လုပ်ဆောင်လာခြင်းသည် စိုးရိမ်ဖွယ်တွေ့ရှိရလာရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားသည်။
“ဒီကိစ္စဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအတွက်တင်မကပဲ အာဆီယံဒေသအတွင်းက နိုင်ငံတွေအားလုံးမှာ ရှိကြတဲ့ အသီးသီးသော ပြည်သူတွေအားလုံးရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ ကိစ္စဖြစ်ပါတယ်” ဟု NUG အစိုးရ၏ နှစ်ပတ်တစ်ကြိမ်တင်ဆက်နေကျ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်း စကားပြောကြားခြင်း အစီအစဥ်၌ ဦးနေဘုန်းလတ်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ငြိမ်းချမ်းသည့် ရည်ရွယ်ချက်ဖြင့် အသုံးပြုမည်ဟု အကြောင်းပြပြီး စစ်ရေးအတွက် နျူကလီး ယားနည်းပညာရယူရန်ကြိုးပမ်းနေသလို ထိုသို့ နျူကလီးယားနည်းပညာအသုံးချနိုင်ရေးမှာ စစ်အာဏာရှင်အဆက်ဆက်၏ နိုင်ငံ့အာဏာကို ထာဝရစိုးမိုးထိမ်းချုပ်နိုင်ရေး အစဉ်တစိုက်ကြိုးစားခဲ့သည့် အိပ်မက်ဖြစ်ကြောင်းလည်းပြောသည်။

Public Service Announcement
“လက်ရှိအချိန်မှာတိုင်းပြည်ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို စိတ်တိုင်းကျအသုံးပြုပြီး မြန်မာပြည်သူလူထုကို နေ့စဉ်ရက်စက် တိုက်ခိုက်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လက်ထဲကို နြူကလီးယားစွမ်းအင်သုံးလက်နက်တစုံတရာရောက်ရှိသွားမယ်ဆိုရင် ဒါဟာ ဒေသတွင်း နိုင်ငံတွေအတွက်ပါ မတွေးဝံ့စရာ အခြေအနေတခုဖြစ်သွားမှာဖြစ်ပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။
ထို့ကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နျူကလီးယားစွမ်းအင်ရရှိရေး အစီအစဉ်များ ဆောင်ရွက်နေမှုကို အထူးအလေးအနက်ထား စဉ်းစားပြီး လိုအပ်သည့် တုံ့ပြန်ဆောင်ရွက်မှုများလုပ်ကြဖို့ ၎င်းက တိုက်တွန်းထားသည်။
မင်းအောင်လှိုင်သည် နျူနည်းပညာရရှိရေးနှင့်စပ်လျဥ်းပြီး ၂၀၂၂ခုနှစ် ဇူလိုင်လမှ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ၁၅ လအတွင်း ရုရှားနိုင်ငံနှင့် နားလည်မှုစာချွန်လွှာထိုးခြင်း၊ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်လှစ်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု ၁၄ ခုအတွက် သဘောတူညီချက်များပြုလုပ်ခြင်းအပြင် ယခုနောက်ဆုံး ဓာတ်ပေါင်းဖို တည်ဆောက်ရေးအ တွက် လေ့လာဆန်းစစ်မှုများ အပြီးသတ်ပြီး လက်တွေ့တည်ဆောက်ရန် ပြင်ဆင်လာသည်ကို အချိန်တိုအတွင်း တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်လုပ်ဆောင်လာသည်ကိုတွေ့ရကြောင်း လည်းNUG က ထောက်ပြသည်။
မြန်မာနိုင်ငံသည် ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်တွင် နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာကွန်ဗင်းရှင်းနှင့် နျူကလီး ယားပစ္စည်းများ၏ ရုပ်ပိုင်းဆိုင်ရာကာကွယ်မှု ကွန်ဗင်းရှင်းတို့ကို ၂၀၁၆ ခုနှစ်တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။ ထို့အပြင် နျူကလီး ယားလက်နက်စမ်းသပ်မှုများ အလုံးစုံတားမြစ်ရေးစာချုပ် (CTBT)ကို ၂၀၁၇ ခုနှစ်တွင် အတည် ပြု လက်မှတ်ရေးထိုးခဲ့သလို နျူကလီးယားလက်နက်များတားမြစ်ရေးစာချုပ် (TPNW)ကိုလည်း ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု NUG က အသိပေးသည်။
သို့သော် နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ် (TPNW)ကို အတည်ပြုရန်နှင့် အ ပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA)၏ နောက်ဆက်တွဲ သဘောတူညီချက်စာချုပ်များကို အာဏာသက်ဝင်လာအောင် ဆောင်ရွက်မှုများကို ၂၀၂၁ ခုနှစ်တွင် စစ်တပ်က ပြည်သူ့အာဏာကို လုယူရန်ကြိုးစားခဲ့မှုကြောင့် ရပ်ဆိုင်းသွားသည်ဟု နှင့်မြန်မာနှင့် ရုရှားနိုင်ငံကြား နျူကလီးယားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးသည် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်တွင် ရုရှကုမ္ပဏီ ROSATOM နှင့် ပထမဆုံး နားလည်မှုစာချွန်လွှာထိုးခဲ့သော်လည်း NLD အစိုးရလက်ထက်၌ ရပ်တန့်ခဲ့ထားသည်။
ယင်းနောက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဆိုပါ နျူကလီးယားအိပ်မက်ကို ပြန်လည်အသက်သွင်းလာခြင်း ဖြစ်သည်။
