Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဖြစ်ပါက ပြည်သူ့စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းမှ အသေခံစစ်တိုက်ခိုင်းနေဟု ဗန်းမော်စစ်ဆင်ရေး၌ KIAထံ အလင်းဝင်လာသူပြော

တိုက်ပွဲများ ဖြစ်ပါက စစ်ကောင်စီတပ်သည် ၎င်းတို့ အဓမ္မစစ်သားစုဆောင်းထားသည့် ပြည်သူ့စစ်မှုထမ်း တပ်သားသစ်များကို ရှေ့တန်း၌ အသေခံခိုင်းပြီး စစ်တိုက်ခိုင်းနေပြီး နည်းမျိုးစုံဖြင့် အနိုင်ကျင့် နှိပ်စက်နေကြောင်းကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး၌ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ကိုကျော်ဇေယျာထွန်းက ပြောသည်။

ဇွန်-၁၂၊၂၀၂၅။ထားမြတ်/People’s Spring

တိုက်ပွဲများ ဖြစ်ပါက စစ်ကောင်စီတပ်သည် ၎င်းတို့ အဓမ္မစစ်သားစုဆောင်းထားသည့် ပြည်သူ့စစ်မှုထမ်း တပ်သားသစ်များကို ရှေ့တန်း၌ အသေခံခိုင်းပြီး စစ်တိုက်ခိုင်းနေပြီး နည်းမျိုးစုံဖြင့် အနိုင်ကျင့် နှိပ်စက်နေကြောင်းကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး၌ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ကိုကျော်ဇေယျာထွန်းက ပြောသည်။

ဗန်းမော်ရှေ့တန်းစစ်ဆင်ရေးမှ KIAထံ အလင်းဝင်လာသည့်တပ်သားကျော်ဇေယျာထွန်း၏ ထုတ်ဖော်ပြောဆိုမှု ရုပ်သံကို ကချင်စစ်ရေးသတင်းရင်းမြစ်က ပေးပို့လာရာ ရုပ်သံ၌ ၎င်း ကိုယ်တိုင် ကြုံရသည့် တပ်တွင်းဖိနှိပ်မှု များအကြောင်း ရှင်းပြခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တပ်မ (၈၈) လက်အောက်ခံ ခမရ (၄၁၅) တပ်မှ တပ်သား ကျော်ဇေယျာထွန်းသည် လေယာဉ်ဖြင့်ဗန်းမော်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ဗန်းမော် ၅ မိုင် တိုက်ပွဲ သို့သံချပ်ကာဖြင့်ခေါ်ဆောင်သွားရာ တပတ်ကြာနေခဲ့ရကြောင်း၊ ထို့နောက် အခြားနေရာများသို့ ခေါ်ဆောင်သွားရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားစဉ် တပ်သားသစ်များကို ရှေ့မှ အတိုက်ခိုင်းပြီး စစ်ကောင်စီ အရာရှိများ၊ တပ်သားဟောင်းများကနောက်ဆုံးစည်းမှနေကြကြောင်းတပ်သားကျော်ဇေယျာထွန်းကပြောသည်။

“သူတို့က ဆရာတွေဖြစ်ပြီးမှ အနောက်မှာ နေခဲ့တာ။..။ကျနော်တို့မှာ တခေါက်မှ တိုက်ပွဲအတွေ့အကြုံလည်းမရှိဘူး။ အဓိကတော့ပစ(စစ်ကောင်စီတပ်က နည်းမျိုးစုံဖြင့် စစ်သားစုဆောင်းခံထားရသည့် ပြည်သူ့စစ်မှုထမ်းတပ်သားသစ်)တွေကို အရှေ့တန်းမှာ ထားပြီးတိုက်ခိုင်းတာ” ဟု တပ်သား ကျော်ဇေယျာထွန်းက ပြောသည်။

တခုခုဖြစ်ပါက ပြည်သူ့စစ်မှုထမ်းတပ်သားသစ်များကို ရှေ့မှ ထွက်ခိုင်းပြီး အခြားအမှုများနှင့်အကြောင်း အမျိုးမျိုးကြောင့် တပ်ထဲရောက်လာသူများကို ဒုတိယ ခံစစ်၌ ထားကြောင်း ၎င်းက ဆိုသည်။

”သူတို့က တတိယ နေရာမှာ နေတယ်။ သူတို့ကို ကြည့်လိုက်မယ်ဆိုရင် ဘန်ကာ အလုံအခြုံထဲမှာနေတာ။”ဟုတပ်သားကျော်ဇေယျာထွန်းက ပြော

သည်။

ပြည်သူ့စစ်တပ်သားသစ်များကိုအသေခိုင်း စစ်တိုက်ခိုင်းသည်မှာ တပ်မ(၈၈) တပ်မမှူး ကိုယ်တိုင်ဖြစ်သည်ဟုပြောသည်။

“အရာရှိတာ တပ်မမှူးပေါ့။ တပ်မ ၈၈ က တပ်မမှူး ကိုယ်တိုင်ပြောတာ။ ပြောတာကတော့ ကိုယ်တိုင်လည်း ကြားခဲ့ရပါတယ်။ ကျနော်တယောက်တည်းမဟုတ်ဘူး ကြားတဲ့သူက လေးငါးယောက်ရှိပါတယ်။ သူက ပစတွေအရင်သွားတဲ့ အဲဒီကောင်တွေလွှတ်ပြီး အသေခံခိုင်းလိုက်တဲ့ သွားတိုက်ခိုင်းတဲ့။” ဟုတပ်သား ကျော်ဇေယျာထွန်းက ပြောသည်။

စစ်ကောင်စီ၏ အနိုင်ကျင့်နှိပ်စက်မှု၊ ခွဲခြားမှုများ မခံနိုင်၍ ထွက်ပြေးပါကလည်း ပစ်ခတ်သတ်ဖြတ်ကြောင်း ၎င်းက ပြောပြသည်။ ၎င်းကိုယ်တိုင် ကြုံရသည်မှာ ပစ တပ်သားသစ် ၂ဦးထွက်ပြေးရာ စနိုက်ပါဖြင့် ပစ်ခတ်၍ ၁ဦး ခါးထိ လဲကျသွားကြောင်း၊ လဲကျသူကို ဆွဲနေသည့်အခြားတယောက်ကိုလည်း ပစ်ခတ်ရာ ခေါင်းထိသွားကြောင်း တပ်သား ကျော်ဇေယျာထွန်းက ပြောပြသည်။

ထို့ပြင် တပ်သားသစ်များ ကင်းချိန်အိပ်မိပါက မနက်တန်းစီချိန် ရိုက်နှက်ကြောင်း၊ စစ်ကောင်စီ အရာရှိများက မူးယစ်ဆေးနှင့် အရပ် သုံးစွဲပြီး နည်းမျိုးစုံ အနိုင်ကျင့်ခြင်း၊ ပြည်သူ့အိမ်များဖျက်ဆီးခြင်း၊ ပစ္စည်းများ ယူဆောင်ခြင်း တို့ ပြုလုပ်သည်ဟု ပြောပြသည်။

၎င်းကိုယ်တိုင်ကြုံရသည်များမှာ အရာရှိ ဗိုလ်ကြီးကောင်းခန့်ကျော်သည် မူးယစ်ဆေးဝါး သုံးစွဲကြောင်း၊ တပ်ကြပ်အဆင့်အချို့က WY၊ အရက်များ ရောင်းချပြီး မူးယစ်ဆေးကို တပ်သားများလည်း သုံးကြကြောင်း ပြောပြသည်။မူးယစ်ဆေးကြောင့် သေဆုံးသူ မတွေ့ရသော်လည်း ကြောင်သွားသူများကို တွေ့ရသည်ဟု ဆိုသည်။

“သေတဲ့သူဆိုတာထက်များသောအားဖြင့် ကြောင်သွားတာ ရှိပါတယ်။ ကျနော့်မျက်စိရှေ့တင် သုံးလေးယောက်ရှိပါတယ်။ ညဆို သူရဲမြင်တယ်ဆိုပြီး ထွက်ပြေးတယ် သေနတ်ထပစ်တယ်။ ပြီးတော့ တယောက်တည်း စကားတွေ ထပြောတယ်။ အဲဒီလိုတွေက အစ ကျနော်တို့ ကြုံရပါတယ်” ဟု တပ်သား ကျော်ဇေယျာထွန်းက ပြောပြသည်။

အဆိုးဆုံးမှာ အရာရှိဖြစ်ပြီး လုံး၀ ပုံစံပျက်နေကြောင်း၊ မူးယစ်ဆေး မသုံးရပါက အခန်းထဲ ငြိမ်နေပြီး သုံးပါက ကင်းစစ်ပြီး နည်းနည်းဆို ရိုက်နှိက်လေ့ရှိကြောင်း ပြောပြသည်။ ထို့ပြင် မူးယစ်ဆေးသုံးသည့် တပ်ကြပ်အချို့က ပြည်သူ့နေအိမ်များကို ဖျက်ဆီးမှုများ လုပ်ဆောင်သည်ကို တွေ့ခဲ့ရကြောင်း ပြောပြသည်။ ထို့ပြင် စျေးဆိုင်များမှ အရက်၊ စားသောက်စရာ ဆေးလိပ်များ၊ အသားဗူး၊ငါးဗူးများကိုပိုင်ရှင်မဲ့သွားပြီဟုပြောကာ ယူဆောင်ကြကြောင်း တပ်သား ကျော်ဇေယျာထွန်းက အတွေ့အကြုံကို ပြောပြသည်။

“ဗိုလ်ကြီးကောင်းခန့်ကျော်ကျတော့ ကိုယ်တိုင်မလုပ်ဘူး ။ အမိန့်ပေးတာ။ မဆီမဆိုင်တာတွေကို ကျနော်တို့ကို ခိုင်းတာ။ ဘယ်လိုခိုင်းလဲဆို ရေမရှိတဲ့နေရာကျနော်တို့ကို ရေတွင်းသွားတူးတဲ့။ အပေါ်မှာ ဒရုန်းတွေ ၊ ဟိုဘက်က လက်နက်ကြီးတွေပစ်တယ်။ ရေတွင်းတူးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒါကို ကျနော်တို့ကို သွားတူးခိုင်းတာ တခေါက်သွားတူးတုန်းက ဒရုန်းကျလို့ သုံးယောက် သေတယ်။ အဲဒါကို မင်းတို့ ပေါ့ဆလို့ လို့ ပြောတယ်။ ပြန်လာခွင့်မပေးဘူး။ သူ့အချိန်ရောက်မှ ကျနော်တို့ ပြန်လာရတယ်။ အဲဒီလို နှိပ်စက်တာ” ဟု တပ်သားကျော်ဇေယျာထွန်းက ပြောကြားသည်။

ထိုအပြင် Y12လေယာဉ်ဖြင့်ချပေးသည့် ကောင်းသည့်အစားအစာများကို စစ်တပ်အရာရှိများက စားပြီး သာမန်တပ်သားများမှာ အစားအစာခက်ခဲကြောင်း၊ စားစရာ အရှာထွက်စဉ်စစ်တပ်က ထောင်ထားသည့် မိုင်းများ ပြန်နင်းမိပြီးထိခိုက်သူများလည်းရှိကြောင်း ပြောပြသည်။ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရသူများအား ဆေးကုသရာတွင်လည်း အရာရှိနှင့်တပ်သားများကို ခွဲခြား ကုသပေးကြောင်း ပြောသည်။

“အရာရှိတယောက် ထိခိုက်သွားပြီဆိုရင် ဆေးပစ္စည်းက ဘယ်က နေထွက်လာမှန်းမသိဘူး အစုံထွက်လာတယ်။ ထွက်လာပြီး အရင်ဆုံးထုံဆေးထိုးမယ် ပြီးရင် အနာဆေးမယ် အရက်ပျံဘာညာနဲ့ ထွက်တယ်။ ကျနော်တို့ တပ်သားတွေ ပစတွေထိတဲ့သူတွေကအဲဒီမှာလူနာဆောင်တွေရှိတယ်။ အဲဒီထဲမှာ အပုပ်နံ့တောင်ထွက်တယ်” ဟု တပ်သားကျော်ဇေယျာထွန်းက စစ်တပ်တွင်း ခွဲခြားမှုဖိနှိပ်မှုအခြေနေများကိုပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်သည် နည်းမျိုးစုံသုံးပြီး အတင်းအဓမ္မ စစ်သားစုဆောင်းထားသည့် စစ်မှုထမ်းတပ်သားသစ်များကို စစ်မြေပြင်၌ ရှေ့ဆုံးမှ တိုက်ပွဲဝင်ခိုင်းနေကြောင်း ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေးမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ထံ အလင်းဝင်ခဲ့သည့် တပ်သားသစ်များက ထွက်ဆိုသည်။

သတင်း

အမ်း-ပဒါန်းစစ်မြေပြင်တွင် စစ်မှုထမ်းသင်တန်းဆင်းများကို စစ်ကြောင်း၏ ရှေ့ဆုံးမှ တိုက်ခိုင်းပြီး ကြောက်လန့်၍ ပြန်ဆုတ်လာသူများကို ​နောက်မှစစ်သားများက သေနတ်ဖြင့် ပစ်သတ်​နေကြောင်း အာရက္ခတပ်တော်(AA)ထံ အလင်းဝင်ခဲ့သော စစ်မှုထမ်းသင်တန်းဆင်းတစ်ဦးကပြောကြားသည်။

သတင်း

စစ်ကောင်စီတိုက်​လေယာဥ်က စစ်သား​များကို မှားယွင်းဗုံးကြဲမိပြီးစက်သေနတ်ဖြင့်ပါပစ်ခတ်ဟု​ဒေသခံများ​ပြော