ဇွန် – ၁၃ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring
ငလျင်ဒဏ်ကြောင့် ပြိုကျသွားတဲ့ မန္တလေးမြို့ ၊ Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း ၁၇၀ကျော် တွေ့ရှိ ထားပြီးပြီလို့ မီးသတ်နဲ့ ရှာဖွေကယ်ဆယ်ရေးသမားတွေဆီကသိရပါတယ်။
ငလျင်ကြီးအပြီး နှစ်လကျော် ကြာမြင့်လာပေမယ့် Sky Vill ကွန်ဒို ရဲ့အပျက်အစီးတွေ အောက်မှာ ရုပ်အလောင်းတွေကို ရှာတွေ့နေဆဲဖြစ်ပါတယ်။
လက်ရှိ ဇွန်လ ၁၀ရက်တာအတွင်းမှာတင် ကွန်ဒိုရဲ့ အဆောက်အဦး A အဆောင်၊ B အဆောင်နဲ့ C အဆောင်တွေကို ရှင်းလင်းရာမှာ ရုပ်အလောင်း ရှစ်လောင်းထိ ရှာတွေ့ခဲ့ကြတယ်လို့ မီးသတ်က ဖော်ပြပါတယ်။

Public Service Announcement
https://www.facebook.com/LuduNwayOo/videos/24024675947129058
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးအပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ရာမှာ ဒီနေ့ ဇွန်လ ၁၃ရက် မနက် ၁၁နာရီခွဲအထိဆိုရင် Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း စုစုပေါင်း ၁၇၃လောင်းတွေ့ရှိထားပြီးဖြစ်ပါတယ်။
အဲဒီရုပ်အလောင်းတွေမှာ အမျိုးသား ၅၉ဦး၊ အမျိုးသမီး၉၂ဦး၊ ကလေး ၁၃ဦးနဲ့ ကျား၊ မ မခွဲခြားနိုင်တော့တဲ့ ရုပ်အလောင်း၉ဦး ပါဝင်ပါတယ်။
ရှာဖွေကယ်ဆယ်ရေးသမားတွေကတော့ အပျက်အစီးတွေအောက်မှာ ရုပ်အလောင်းအများအပြား ကျန်ရှိနေဦးမယ်လို့ ယုံကြည်ထားပြီး ဆက်လက်ရှာဖွေနေကြတာပါ။ ဇွန်လ ၁၂ရက်နဲ့ ၁၃ရက် နှစ်ရက်တာအတွင်းမှာတင် ရုပ်အလောင်း ၈လောင်း ထပ် တွေ့ရှိခဲ့ပါတယ်။
ဒါအပြင် အဆောက်အအုံရဲ့ မြေအောက်ထပ် ကားပါကင်မှာ ပျက်စီးကြေမွသွားတဲ့ ကားအစီးရေအများအပြားကိုလည်း တွေ့ရှိတယ်လို့သိရပါတယ်။
ငလျင်မလှုပ်ခတ်ခင် မတ်လ ၂၇ ရက်အထိ Sky Villa ကွန်ဒိုမှာနေထိုင်သူဦးရေ ၃၄၈ ဦးရှိတယ်ဆိုတာကို မန္တလေးတိုင်းထွေအုပ်ရဲ့ စာရင်းတွေအရ သိရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ ထံက တဆင့် သိရပါတယ်။
ငလျင်အပြီး ပြိုကျသွားတဲ့ကွန်ဒိုအပျက်အစီးတွေထဲမှာပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့ရာမှာတော့ အသက်ရှင်လျက် ၅၂ ဦးကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်က ဆိုထားပါတယ်။
မန္တလေးမြို့ လမ်း ၆၀ ၊ ၂၃ လမ်း နဲ့ ၂၄ လမ်းကြားမှာရှိတဲ့ Sky Villa ကွန်ဒိုကို ၁၁ ထပ်စီ ရှိတဲ့ အဆောက်အဦး၄ လုံး နဲ့ဖွဲ့စည်းထားပြီး ငလျင်ဒဏ်ခံရပြီးနောက် အဆောက်အဦး ၃ လုံးပြိုကျ သွားခဲ့တာပါ။
ရုပ်သံ – မီးသတ်
















































