ဇွန်-၁၄၊၂၀၂၅။ထားမြတ်/People’s Spring
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သိမ်းပိုက်ထားသည့်နောင်ချိုမြို့နယ်ရှိ ရွာ ၄ ရွာတွင် စစ်ကောင်စီနှင့် တိုက်ပွဲဆက်ဖြစ်နေကြောင်း TNLAကဇွန်လ ၁၄ရက် ညပိုင်း၌ သတင်းထုတ်ပြန်သည်။
ဇွန်လ ၁၂ရက်နှင့် ၁၃ရက်နေ့ စစ်ရေး အခြေအနေများကို အသိပေးခဲ့ခြင်းဖြစ်ပြီး ကံကြီးရွာ၊ရွှေသွန်းရွာ ၊ ပိန္နဲကုန်းရွာ နှင့် ဥာဏ်တောရွာများ၌ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟုဖော်ပြသည်။
ဇွန် ၁၃ရက် နေ့လည်တွင် ရွှေသွန်းရွာ တွင် တိုက်ပွဲတွင်စစ်ကောင်စီဘက်ကလက်နက်ကြီး (၃၅)လုံး၊ ဒရုန်းဖြင့်ဗုံး(၁၂)လုံး ပစ်ကူတိုက်ခိုက်ခဲ့ဟု အသိပေးသည်။ အလားတူ ပိန္နဲကုန်းနှင့် ဥာဏ်တောကျေးရွာဘက်တွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ်က လက်နက်ကြီး (၄၁)လုံး၊ ဒရုန်းဖြင့် ဗုံး (၇)လုံး ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်းလည်းသိရ သည်။

Public Service Announcement
ဇွန်လ (၁၂)ရက်နေ့လည်း ကံကြီးကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီး (၅၀)လုံး၊ ဒရုန်းဖြင့် ဗုံး(၁၅)လုံးပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။
ဥာဏ်တော ၊ပိန္နဲကုန်း ကျေးရွာများတွင်တိုက်ပွဲဖြစ်ပါက စစ်ကောင်စီတပ်သည် ကံကြီးရွာဘေးမှာ ဝိုက်၍ နောင်ချိုမြို့ဘက်သို့ ထိုးစစ်ဆင်လာနေခြင်းဖြစ်သည်။
စစ်ကောင်စီသည် ငလျင်ဘေးအကြောင်းပြပြီး အပစ်ရပ်စဲရေး ကြေညာထားသော်လည်း နောင်ချိုမြို့နယ်အတွင်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး မြေပြင်ထိုးစစ်ဆင်မှုများလည်းပြု လုပ်နေသည်။
TNLA ၊ ကိုးကန့် MNDAA၊ ရက္ခိုင် AA တပ်များပါဝင်သည့် ညီနောင်မဟာမိတ် (၃)ဖွဲမှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ဇွန်လကုန်အထိ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ကြေညာထားသည်။
စစ်ကောင်စီကလည်း ဇွန်လကုန်အထိအပစ်ရပ်ကြောင်းကြေညာသော်လည်း ညီနောင် ၃ ဖွဲ့အပစ်ရပ်ထားသည်ကို အခွင့်ကောင်းယူပြီး အဆက်မပြတ် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း TNLAက ထုတ်ပြန်သည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ တိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရေး စစ်ရေးသတိ အမြဲရှိရန်နှင့် လေကြောင်းရန် သတိပြုရန်လည်း TNLAက ထပ်လောင်း နှိုးဆော်ထားသည်။
တဖက်တွင် စစ်ကောင်စီကမူ အမှတ် (၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ကစထ-၂) ကစထမှူးသည် နောင်ချိုမြို့သိမ်းတိုက်ပွဲဝင်မည့် စစ်သားများရှိရာ စစ်မြေပြင်သို့ကိုယ်တိုင်သွားရောက်ကွပ်ကဲခဲ့ကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရန့်ချန်နယ်လ်များတွင် ဇွန် ၁၃ ရက်တွင်ဝါဒဖြန့်ထားသည်။ထျု့အပြင် နောင်ချိုမြို့ကို စစ်တပ်ကပြန်လည်သိမ်းပိုက်တော့မည်ဖြစ်သည့်အတွက် ပြည်သူများမှ ၀မ်းသာနေပြီး နောင်ချိုမြို့ကို စစ်တပ်ကအမြန်ဆုံးသိမ်းပိုက်ပေးရန်ဝါဒဖြန့်ချီနေသည်ကိုတွေ့ရသည်။
ကစထ(၂)မှူးသည် ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးဖြစ်ပြီး ၎င်းသည် ၁၀၂၇ စစ်ဆင်ရေး၌ လားရှိး ရမခကျပြီးစစ်ရှုံးသွား၍တိုင်းမှူးအဖြစ်မှရာထူးပြုတ်ခဲ့သူဖြစ်သည်။သို့သော် စစ်ကောင်စီက၎င်းကိုကစထ(၂)မှူးခန့်၍ ရှမ်းမြောက် နှင့် ကရင်နီစစ်ပွဲများကို ကွပ်ကဲခိုင်းနေခြင်းဖြစ်သည်။
TNLAနှင့် စစ်ကောင်စီတို့သည် တရုတ်အစိုးရ၏ စီစဉ်မှုဖြင့်ဧပြီလကုန်ပိုင်းကအပစ်ရပ်စဲရေးဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရခဲ့၍ ယခုနှစ် ဩဂုတ်လတွင် ထပ်မံတွေ့ဆုံရန် စီစဉ်ထားသည်။ ဆွေးနွေးပွဲတွင် TNLA ဘက်က ရောက်သည့်နေရာ၌ အပစ်ရပ်စဲရန်၊ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်ဆိုင်းရန်၊ ပြည်သူများ လွတ်လပ်စွာ သွားလာခွင့်ပေးရန် တို့ကို အဆိုပြု ဆွေးနွေးခဲ့ပြီး စစ်ကောင်စီဘက်က TNLA သိမ်းထားသည့် မြို့ ၅မြို့မှ ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ရာ နှစ်ဖက် အကြား ညှိနှိုင်းမရဘဲ ဆွေးနွေးပွဲ ပြီးဆုံးခဲ့သည်ဟု TNLA ထုတ်ပြန်သည်။
အကယ်၍ စစ်ကောင်စီနှင့် ဆက်လက်ဆွေးနွေးဖြစ်ပါကလည်း TNLA အနေဖြင့် မူလ ရပ်တည်ချက် သဘောထားအတိုင်း ဆက်လက်ဆွေးနွေးသွားမည်ဟု အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဇွန် ၅ ရက်ကပြောကြားထား သည်။တရုတ်အစိုးရ၏ ဖိအားအတွက်လည်း နည်းလမ်းရှာဆောင်ရွက်သွားမည်ဟု TNLA ကပြောသည်။
