ဇူလိုင်-၆ ၊၂၀၂၅။ဇေအောင်၊ရဲခေါင်/People’s Spring
မကွေးတိုင်းထဲ ဗုံးပတ်ကြဲနေတဲ့ စစ်တပ်ရဲ့လေယာဥ်နဲ့ စက်တပ်လေထီးတွေအထိုင်ချထားတဲ့ ပခုက္ကူလေဆိပ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူအခြေစိုက် COBRA ONEအဖွဲ့က ပြောပါတယ်။
ဇူလိုင် ၅ရက်၊ မနက် ၁၀ နာရီ မိနစ် ၅၀ ခန့်က ပခုက္ကူမြို့၊ လေယာဉ်ကွင်းကို rocket ၁၀လုံး၊ ၆၀မမလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း COBRA ONEအဖွဲ့က ပြောပါတယ်။
အဲဒီလေယာဉ်ကွင်းမှာ Y12အမျိုးအစားလေယာဥ်နဲ့ စက်တပ်လေထီးတွေ အထိုင်ချထားပြီး ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေကြောင်း၊ စစ်ကောင်စီတပ်ကလည်း အထိုင်ချကာ စစ်ကြောင်းထိုး သတ်ဖြတ်နေတာကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့က ဆိုပါတယ်။

Public Service Announcement
တိုက်ခိုက်မှုအတွင်း rocket ၁၀လုံးအနက် ၅လုံးဟာ လေယဉ်ကွင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
“၁၃ ဦးဒဏ်ရာရတယ်။ ၃ဦးစိုးရိမ်ရတယ်။ လေယဉ်ပြေးလမ်းထိခိုက်မှုရှိတယ်။ ကျန်တဲ့အလုံးတွေကတော့ လေယာဉ်ကွင်းရဲ့ဘေးကပ်ရပ်တွေကျပါတယ်”လို့ COBRA ONEအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီကပခုက္ကူလေယာဉ်ကွင်းကို ပြန်ပြင်ပြီး ပစ္စည်းတွေသယ်ဖို့ စစ်သားတွေ အလုပ်ရှုပ်နေချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။လေယာဉ်ကွင်းအနီးမှာရှိတဲ့ မြောက်လူးကန် ရွာ ရှိတဲ့စစ်တပ်တပ်စွဲရာနေရာတွေကိုရော့ကတ် ၊ ၆၀ မမ တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF ကလည်းထုတ်ပြန်ပါတယ် ။
တိုက်ခိုက်မှုကြောင့် မြောက်လူးကန်ရွာက စစ်သား လေးဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့လည်းဆိုပါတယ် ။ဒဏ်ရာရစစ်သားတွေကိုဇူလိုင် ၅ ရက်နေ့ခင်းပိုင်းမှာ ပခုက္ကူလေယာဥ်ကွင်းကတဆင့် ပခုက္ကူ ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ Southern YSO PDF ကဆိုပါတယ် ။
တိုက်ခိုက်မှုတွေကြောင့် သေဆုံးထိခိုက်မှုနဲ့ထိခိုက်ပျက်စီးမှုတွေကို People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
အဲဒီစစ်ဆင်ရေးကို ပခုက္ကူမြို့နယ် ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE ၊ ပခုက္ကူမြို့နယ်တပ်ရင်း ၁ ပကဖ၊ coloun 1 ၊ BA NYEIN GUERRILLA FORCE ၊ခရိုင်ပကဖတပ်ခွဲ (၅)၊ဧရာဒေါင်း နယ်မြေ (၁)ကာကွယ်ရေး Ploplo young force၊ဒေါင်းညီနောင်(PKU)၊ Soutthern(YSO)၊ Yesagyo Revolution Group(YRG)၊ ပြည်သူအားမာန် (YSO)၊ King Cobra တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီကပခုက္ကူလေယာဥ်ကွင်းကို စစ်ရေးအတွက်ပြန်အသုံးပြုနိုင်ဖိူ့ ၂၀၂၄ခုနှစ်မှာပြန်လည်ပြင်ဆင်ခဲ့တာဖြစ်ပါတယ် ။ ပခုက္ကူကနေ ရေစကြိုကိုသွားတဲ့လမ်းပိုင်းပေါ် ပန်းတိုင်ချုံ နဲ့ စံပြကြီးရွာကြားမှာ လေယာဥ်ကွင်းရှိတာလို့ပခုက္ကူမြို့ခံစစ်ရေးသတင်း ရင်းမြစ်ကပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေကလည်း ပခုက္ကူလေယာဥ်ကွင်းမှာ တပ်စွဲခဲ့တဲ့ စစ်အုပ်စုကို ကာကွယ်ရေးအဖွဲ့တွေက မကြာခဏ ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပါသေးတယ်။
