ဇူလိုင်-၁၂၊၂၀၂၅။ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၆)နယ်မြေ မြ၀တီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ ဝေါလေနှင့် ဥကရစ်ထ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီစခန်းများကို ဝိုင်းပတ်ပိတ်ဆို့ကာစနစ်တကျ တိုက်ခိုက်နေကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။
ဇူလိုင် ၁၁ရက်က တိုက်ပွဲဖြစ်ပွားနေသည့် ဝေါလေဗျူဟာ၌ ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ စစ်ရေးအခြေအနေကို မေးမြန်းစဉ် သတင်းရင်းမြစ်က ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်သည်။
ဇူလိုင် ၁၁ရက်က ဝေါဗျူဟာလေ စစ်ကောင်စီစခန်း ပေါက်ကွဲမှုမှာ တော်လှန်ရေးပူးပေါင်းတပ်ဘက်က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့၍ ဖြစ်သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
“ ကျနော်တို့ဘက်က ချတာ။ဒီဘက်ကတော့ တဆင့်ခြင်းတဆင့်လေ။ ဝိုင်းပတ်ပိတ်ဆို့ထားပြီးဒရုန်းနဲ့ပဲစစ်ဆင်တာပေါ့။ ဒရုန်းက အခုက အလေးချိန်က တော်တော်ကြီးတဲ့ အလေးချိန်ဆိုတော့ပေါက်ကွဲမှုကလည်း အားပြင်းတာပေါ့။ အဲဒီလိုမျိုး” ဟု KNU သတင်းရင်းမြစ်ကပြောသည်။
စစ်ကောင်စီ၏ လက်နက်ခဲယမ်း စုပုံထားရှိရာနေရာ ကျရောက်ခြင်းရှိ ၊ မရှိမသိရသော်လည်း စခန်းအတွင်း ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။
“ ပေါက်ကွဲပြင်းအားကတော့ ပြင်းတယ်”ဟု ၎င်းက ဆိုသည်။
“ သူတို့ စခန်းကျတော့ကျမှာပဲ။ ကျဖို့ သူများချတဲ့သဘော(စစ်ကောင်စီတပ်စခန်းသိမ်းနိုင်ရေး ထိုးစစ်ဆင်နေ)။ ဒါပေမဲ့ ကိုယ့်လူလည်း အထိမနာအောင်ပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီက စခန်းပတ်ဝန်းကျင်၌ မိုင်းများထောင်ထား၍ စနစ်တကျတိုက်ခိုက်သွားရမည်ဟုပြောသည်။
ဝေါလေသာမက ကျန်နေသည့် ဥကရစ်ထတပ် စခန်းကိုလည်း သိမ်းပိုက်နိုင်ရေး တိုက်ခိုက်နေသည်ဟုဆိုသည်။
“ ကျနော်တို့ ဒီဘက်ကတော့ ဒီစခန်းနှစ်ခုလုံးရဖို့ ချဉ်းကပ်နေတယ်။ ထီးကပလယ်စခန်းကျတော့ ကျနော်တို့ လူတွေက အင်အားပိုများလာတယ်။ အင်အားများသော်ငြားလည်း စည်းနဲ့ကမ်းနဲ့ လုပ်ရမှာပေါ့။ ရန်သူလည်း သူလည်း ဒရုန်းတွေဘာတွေ သုံးတယ်လေယာဉ်တွေဘာတွေသုံးတယ်ဆိုတော့။ အဓိကတော့ ကိုယ့်လူအထိခိုက်နည်းဖို့ပေါ့။ ”ဟု KNU သတင်းရင်းမြစ်က ရှင်းပြသည်။
KNU ပူးပေါင်းတပ်ဖွဲ့သည် ထီးကပလယ် စခန်းအပါအဝင် မြ၀တီမြို့နယ်အတွင်း မြန်မာ-ထိုင်းနယ်စပ်စခန်းများကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်နေခြင်းဖြစ်သည်။ ယခုနှစ်မေလ ၂၃ ရက်နောက်ပိုင်း သိမ်းပိုက်နိုင်ခဲ့သည့် မြ၀တီမြို့နယ်ရှိ နယ်စပ်စခန်းများမှာ ဘလက်ဒိုစခန်း၊ ကနဲလေးစခန်း၊ ရွှေအေးမြိုင်စခန်း၊ ဘုရင့်နောင်စခန်း၊ မော်ခီးစခန်း၊သေ့ဘောဘိုးစခန်း၊ ထီးကပယ်စခန်းတို့ ဖြစ်ပြီး ဒေသတွင်း၌ ဝေါလေဗျူဟာစခန်း၊ ဥကရစ်ထစခန်း၊ တိသဲလယ် ကာကင်းစခန်းသုံးခုသာ ကျန်တော့သည်။
တခြားသတင်းတရပ်အဖြစ် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင်လည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ် အထိနာခဲ့ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီက ဖားကန့်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ရေးလှုပ်ရှားမှုများကြောင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။
“ ဖာကန့်က မနေ့ကလည်းဖြစ်တယ်။ ဒီနေ့လည်းဖြစ်တယ်။ ဒီနေ့လည်း သူတို့ တော်တော်အထိနာတယ်။ ဒီနေ့ သူတို့ လက်နက်တိုက်ကို ကျနော်တို့ ဒရုန်း ဒရော့ဗုံးသွားချလိုက်တာ သူတို့ လက်နက်တိုက်ပေါက်ကွဲတာပေါ့”ဟု ကချင်သတင်းရင်းမြစ်က ဇူလိုင် ၁၁ရက်ညပိုင်းတွင် ပြောသည်။
ဖားကန့်ဒေသရောက်နေသည့် စစ်ကောင်စီတပ်များ နေ့စဉ် ထိခိုက်ကျဆုံးရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။
“ သူတို့က KIAနဲ့ အဆင်မပြေဘဲနဲ့ ဖားကန့်မှာထိုင်လို့မရဘူး”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ထို့အပြင် KIA ပူးပေါင်းတပ်က မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေသည့် ဗန်းမော်တိုက်ပွဲမှာ လတ်တလောမြေပြင်ထိတွေ့မှုမရှိသေးသော်လည်း အပြန်အလှန် လက်နက်ကြီး ပစ်ခတ် မှုများ နေ့တိုင်းရှိနေသည်ဟု သတင်းရင်းမြစ်က ပြောသည်။
















































