■ဝေါလေဗျူဟာကို စစ်တပ်ကစစ်ကူပို့ဖို့တရုတ်ကတဆင့်ထိုင်းကိုဖိအားပေးပြီး ထိုင်းဘက်မှပတ်ဝင်ဖို့ပြင်နေတယ်လို့သတင်းရထားကြောင်း Justice Soldierတပ်ဖွဲ့မှူးပြော
ဧပြီ-၂၇၊၂၀၂၆။နွေဦး/People’s Spring
မြန်မာ-ထိုင်းနယ်စပ်က စစ်တပ်ရဲ့ အရေးပါတဲ့ဝေါ်လေဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထိနာလို့ ဒီကနေ့တစ်ရက်တည်း လေကြောင်းကနေ အနည်းဆုံး ၁၆ကြိမ် ဗုံးကြဲပစ်ကူပေးခဲ့တယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။
မြဝတီမြို့တောင်ဘက်ကစစ်တပ်ရဲ့ အရေးပါတဲ့ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက စခန်းသိမ်းတိုက်ပွဲအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Public Service Announcement
KNLAဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဝေါ်လေဗျူဟာတပ်စခန်းက စစ်သားတွေ သေဆုံးမှုများနေလို့ စစ်တပ်က ဧပြီ ၂၇ရက် တစ်ရက်တည်း ဂျက်ဖိုက်တာနဲ့ အနည်းဆုံး ၁၆ကြိမ် ဗုံးကြဲ ပစ်ကူပေးခဲ့တာလို့ ဆိုပါတယ်။
“ဂျက်ဖိုက်တာနဲ့ ၁၆ကြိမ်လောက်လာတယ်ဆိုတော့ သူတို့အနေအထားက ဘာဆိုတာ သိနေတာပဲ။ သူတို့အထိမနာရင် အဲလောက်မလာဘူး”လို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။
ဒါ့အပြင် ဝေါ်လေဗျူဟာရဲ့ ကာကင်းစခန်းအချို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေကထပ်မံသိမ်းရထားတယ်လို့လည်း သတင်းရရှိပါတယ်။
စစ်တပ်ကဝေါ်လေဗျူဟာကိုစစ်ကူပို့နိုင်ဖို့လပေါင်း
များစာကတည်းက စစ်ကူပို့ဖို့ ကြိုးစားနေတာဖြစ်ပေမယ့် မင်းလက်ပံ နဲ့ ဖလူးရွာကနေ ရှေ့မတိုးနိုင်ပဲ KNLA ၊PDF ၊KNDO ပူးပေါင်းတပ်တွေရဲ့ ဖြတ်တောက်တိုက်ခိုက်မှုကိုခံနေရတာ ဖြစ်ပါတယ်။
ဝေါ်လေဗျုဟာစခန်းကုန်းကိုပူးပေါင်းတပ်တွေက ဝန်းရံပိတ်ဆို့ထားတာကြောင့် အခုရက်ပိုင်းအတွင်း ခဲယမ်းရိက္ခာကို လေယာဉ်နဲ့ စစ်ကောင်စီက ချပေးနေတယ်လို့ ကရင်သတင်းရင်းမြစ်က အသိပေးပါတယ်။
ဝေါ်လေဗျူဟာကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကကာလရှည်ပိတ်ဆို့ဖြတ်တောက်ထားပြီးမှစတင်
တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာကုန်းဟာ ဝေါ်လေကျေးရွာရဲ့ တောင်ဘက်မှာ တည်ရှိပါတယ်။
တော်လှန်ရေးတပ်တွေက မြန်မာ-ထိုင်းနယ်စပ်တလျှောစပ်တပ်ရဲ့စခန်းတွေကို ဆက်တိုက်သိမ်းပိုက်လျက်ရှိရာ ၂၀၂၅ မေလ ၂၃ ရက်နောက်ပိုင်းမှာ ဘလက်ဒိုတပ်စခန်း၊ ကနဲလေးတပ်စခန်း၊ ရွှေအေးမြိုင်တပ်စခန်း၊ ဘုရင့်နောင်တပ်စခန်း၊ မော်ခီးတပ်စခန်း၊ သေ့ဘောဘိုးတပ်စခန်းနဲ့ ထိကပလယ်တပ်စခန်းစတဲ့စခန်းတွေကိုဆက်တိုက် သိမ်းပိုက်ခဲ့ပါတယ်။ဒါကြောင့် မြဝတီတောင်ဘက် နယ်စပ်မှာ ဝေါလေဗျူဟာပဲ အဓိကကျန်ရှိတော့တာဖြစ်ပါတယ်။
ဒါအပြင် ထပ်မံရရှိတဲ့သတင်းအရ Justice Soldier တပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူးမန်းဇွဲက ဒီကနေ့
(ဧပြီ၂၇)ညဦးပိုင်းမှာပဲ စစ်တပ်ကဝေါ်လေဗျူဟာကုန်းကို စစ်ကူပို့နိုင်ဖို့ တရုတ်အစိုးရဖိအားနဲ့ ထိုင်းနိုင်ငံကို အကူအညီတောင်းပြီး အဲဒီဘက်ခြမ်းကနေ စစ်ကူပို့ဖို့ ပြင်ဆင်နေတယ်လို့ သတင်းရထားကြောင်း ပြည်သူလူထုကို အသိပေးထားပါတယ်။
Justice Soilder တပ်ဖွဲ့က ဝေါလေဗျူဟာကုန်းသိမ်းတိုက်ပွဲမှာ ပါဝင်နေတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။
“တရုတ်ရဲ့ဖိအားနဲ့ ထိုင်းဘက်ကို အကူညီတောင်းပြီးတော့ နယ်စပ်တနေရာကနေပြီးတော့မှ ဒီကောင်တွေ အုပ်စုလိုက်ကူးလာပြီးတော့မှ ဝေါ်လေဗျူဟာကို လာကူဖို့ ရှိတယ်ပေါ့။ အဲတော့ မြဝတီတောင်ဘက်ခြမ်း မြဝတီကနေပေါ့ သောင်ရင်းမြစ်တကျောမှာနေတဲ့ ပြည်သူလူထုတွေအနေနဲ့ ပုံမှန်မဟုတ်တဲ့ လူစုလူဝေးတွေတွေ့ရင် ပုံမှန်မဟုတ်တဲ့ အုပ်စုအဖွဲ့တွေတွေ့ရင် ပုံမှန်မဟုတ်တဲ့ ကားတန်းတွေတွေ့ရင် ကျနော်တို့ကို လာရောက်သတင်းပေးခြင်းအားဖြင့် တော်လှန်ရေးကို လုပ်ပါလို့ ပြောချင်ပါတယ်”လို့ တပ်ဖွဲ့မှူးမန်းဇွဲက ပြောပါတယ်။
လက်တလော ဝေါ်လေဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူစစ်တပ်က ထိခိုက်မှုများနေပြီး လေကြောင်းကနေ အုပ်စုဖွဲ့ဗုံးကြဲနေတယ်လို့လည်း သူကဆက်ပြောပါတယ်။
“ရန်သူအထိခိုက်များနေတဲ့အပေါ်မှာ ရန်သူကအခု ဘာလုပ်လဲဆိုတော့ ဘူးလက်လှဆွေပြောတဲ့စကားအတိုင်းပဲ ငြိမ်းချမ်းရေးခေါ်လို့မလာရင် ဗုံးကြဲမယ်ဆိုတဲ့အတိုင်းပဲ ဗျူဟာကုန်းရဲ့ ရှိတဲ့ ရွာတွေကို အခြောက်တိုက် အုပ်စုဖွဲ့ပျံသန်းပြီးတော့မှ ဗုံးကြဲ ပြီးတော့မှ ဒီဒေသခံတွေနဲ့ ကျနော်တို့နဲ့ အဆင်မပြေအောင် လုပ်နေတာတွေ ရှိတယ်”လို့ တပ်ဖွဲ့မှူးမန်းဇွဲက ပြောပါတယ်။
နယ်စပ်တကြောမှာနေတဲ့ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိထားပြီး နိုးနိုးကြားကြားနေကြဖို့လည်း Justice Soldier တပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူးကပြောပါတယ်။





















































