ဇူလိုင်-၁၂၊ ၂၀၂၅။ People’s Spring
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းမြောက်က နောင်ချိုမြို့မှာ စစ်ကောင်စီတပ်တွေက တဖြည်းဖြည်းရှေ့တိုးလာပြီး မြို့အဝင်ဆိုင်းဘုတ်နားရောက်လာလို့ မြို့ခံတွေက စိုးရိမ်နေကြပါတယ်။
တစ်နှစ်ပတ်လုံး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးကျေမွှနေတဲ့ နောင်ချိုမြို့ဟာ စစ်ကောင်စီတပ်တွေ မြို့အတွင်းဝင်ရောက်လာရင် မြို့ကြေသည်အထိ ပျက်စီးမှုများမှာဖြစ်လို့ စိုးရိမ်နေကြတာလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။
” ဒီတခါမှ တကယ်မြို့ကြေမှာ။ ဟိုဘက်ကထု၊ ဒီဘက်ကထုနဲ့”လို့ နောင်ချိုမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement
တဖြည်းဖြည်းရှေ့တိုးလာတဲ့ စစ်ကောင်စီတပ်တွေရဲ့ အနေအထားကြောင့် နောင်ချိုမြို့ ပြန်ပေးရဖို့ များနေပြီလို့လည်း မြို့ခံတွေက သုံးသပ်ပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်နဲ့ အင်အားသုံးမှုအခြေအနေနဲ့ တအာင်းတပ်မတော်(TNLA)ရဲ့ ခုခံပြင်ဆင်မှုအနေအထားတွေကြောင့် မြို့ကို စစ်ကောင်စီ ပြန်ရဖို့များနေတယ်လို့လည်း ဆိုကြပါတယ်။
” အနေအထားကကြည့်ရင် သိသာတယ်။ တစ်နေ့ချင်း ဟိုဘက်က တိုးလာနေတာ။ ဒီဘက်က ပြန်ထိုးတယ်ဆိုတာ မတွေ့ရဘူး”လို့လည်း နောင်ချိုမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ TNLAပူးပေါင်းတပ်ရဲ့ လက်ရှိထိုးစစ်တုန့်ပြန်မှုအပေါ်ကိုလည်း အားမရဖြစ်နေတယ်လို့လည်း နောင်ချိုမြို့ခံအချို့က ပြောပါတယ်။
နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးကလည်း “စခတွေတော့ နမ့်ဆောင်ဟူးကျော်ပြီလို့ကြားတာပဲ။မြို့နဲ့တဆက်တည်းဆိုတော့ ရောက်လောက်ပြီနဲ့တူပါတယ်”လို့ ပြောပါတယ်။
တောင်းခမ်းဒေသက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ နောင်ချိုမြို့တောင်ဘက် မြို့အဝင်နားက နမ့်ဆောင်ဟူးရွာကိုသိမ်းပြီး အဲဒီရွာကနေ ကျော်လာနေပြီလို့လည်း နောင်ချိုမြို့ခံတွေက ပြောပါတယ်။ နမ့်ဆောင်ဟူးရွာကျော်ရင် တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ ဒုံးတပ်(၆၀၀၆) တပ်ရင်း ရှိပါတယ်။ စစ်ကောင်စီတပ်တွေဟာ အဲဒီတပ်ရင်းထဲကို ဝင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ပြင်ဦးလွင်မြို့ဘက်ကနေ စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီတပ်တွေကလည်း နောင်ချိုမြို့အဝင်နားက ကျောက်ကြမ်းရွာနားကို ရောက်နေပါတယ်။ ဒါပေမယ့် ကျောက်ကြမ်းရွာကနေ ကျော်မလာသေးပါဘူး။

စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေကတော့ နောင်ချိုမြို့ထဲကို စစ်သားတွေ ဝင်ရောက်နေကြပြီလို့ ရေးသားနေကြပါတယ်။ နောင်ချိုမြို့ခံတွေရဲ့ ပြေပြချက်အရတော့ စစ်သားတွေ မြို့ထဲတော့ ဝင်မလာနိုင်သေးဘူးလို့ ပြောပါတယ်။
မြို့ထဲမှာ မြို့ခံအနည်းငယ်လောက်သာ ကျန်ရှိတော့ပြီး အများစုက ပြင်ဦးလွင်နဲ့ ကျောက်မဲမြို့တွေဆီကို စစ်ရှောင်နေကြပါတယ်။
TNLAရဲ့ ဇူလိုင် ၁၁ရက်ထုတ်ပြန်ချက်မှာတော့ နောင်ချိုမြို့နယ်က ကျောက်ကြမ်း၊ ကျောက်တော၊ နမ့်ပါတက်၊ကျောက်ပြုတ်၊ နားမုံနဲ့ ရေမောင်းတန်ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီး (၇၂)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၂၇)လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင် ၁၀ရက်က ကျောက်ကြမ်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၁၇)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ရေမောင်းတန်းကျေးရွာမှာလည်း တိုက်ပွဲဖြစ်ပွားနေစဥ် စစ်ကောင်စီတပ်က လက်နက်ကြီး (၅၀)လုံးနဲ့ ဒရုန်းနဲ့ ဗုံး(၁၀)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နောင်ချိုဒေသတိုက်ပွဲနဲ့ပတ်သက်ပြီး TNLAထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
နောင်ချိုမြို့အပါအဝင် TNLAထိန်းချုပ်ထားတဲ့နေရာတွေကို စစ်ကောင်စီက နေ့စဉ်လေကြောင်း အပြင်းအထန်တိုက်ခိုက်နေတာကြောင့် တစ်ဖက်သတ်အပစ်ရပ်စဲထားမှုကို ဇူလိုင်လကစပြီး ရုတ်သိမ်းလိုက်တယ်လို့ တအာင်းတပ်မတော်(TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဇူလိုင် ၅ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။
ဒါ့အပြင် နောင်ချိုမြို့ကို စစ်ကောင်စီထံ ပြန်ပေးမှာမဟုတ်ဘူးလို့လည်း TNLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဆုံးရှုံးထားတဲ့ ရှမ်းမြောက်က နောင်ချိုကို ပြန်လည်ရရှိဖို့အတွက် ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက နောင်ချိုမြို့ဆီကို စစ်ကြောင်းသုံးကြောင်းနဲ့အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ နေ့စဥ်ပြင်းထန်ခဲ့ပါတယ်။


















































