ဇူလိုင်-၁၇၊၂၀၂၅။ဇော်ရမ်း/People’s Spring
တော်လှန်ရေးအားကောင်းရာအထက်ပိုင်းဒေသများထံ ရိက္ခာများပို့ဆောင်သည့် စစ်ကောင်စီ၏ စစ်သင်္ဘောအုပ်စုသည် ချင်းတွင်းမြစ်ကြောင်းအတိုင်း လေကြောင်းအကူအညီဖြင့် ဆန်တက်လာပြီး မင်းကင်းမြို့နယ် ပန်းဆက်ကျေးရွာသို့ ရောက်ရှိနေပြီး ရပ်တန့်ထားကြောင်း အဆိုပါနယ်ရှိ ဒေသခံများက ပြောသည်။
စစ်သင်္ဘောသုံးစီးအပါအဝင် စုစုပေါင်းသင်္ဘော အစီးရေ ၃၀သည် ကနီမြို့နယ်ကိုဖြတ်ပြီး ပန်းဆက်ရွာကို ဇူလိုင်လ ၁၆ရက် နေ့လယ်တွင် ရောက်ရှိလာခဲ့ပြီး ယနေ့(ဇူလိုင် ၁၇ရက်)နေ့လယ်အထိ ရပ်တန့်နေကြောင်း ဒေသခံများက ပြောသည်။
” မြစ်ရေတက်မှ လာလို့ရတာဆိုတော့ သူတို့သယ်လာတဲ့ကုန်ပစ္စည်းတွေကို ပန်းဆက်ဆိပ်ကမ်းမှာချနေတယ်။ ကျနော်တို့နယ်ထဲမှာတော့ တော်လှန်ရေးတပ်တွေကတိုက်တာမရှိသေးဘူး။ ကနီနယ်ထဲမှာတော့ တိုက်ခိုက်ခံခဲ့ရတယ်လို့သိရတယ်”ဟု မင်းကင်းမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement
ယမန်နေ့က ကနီနှင့် မင်းကင်းမြို့နယ်စပ်၌ ရှိနေစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက စစ်ကောင်စီ၏ သင်္ဘောအုပ်စုကို တိုက်ခိုက်ခဲ့ကြသည်။ ထိခိုက်မှုအခြေအနေကို မသိရှိရသေး။
ပန်းဆက်ရွာသည် စစ်ကောင်စီအမာခံ ပျူစောထီးအားကောင်းရာ ရွာဖြစ်သည်။ ချင်းတွင်းမြစ်ကြောင်းကို အသုံးပြု၍ စစ်အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းရာတွင် စစ်ကောင်စီက ပန်းဆက်ရွာတွင် ခရီးတထောက်နားလေ့ရှိသည်။
၂၀၂၃ စက်တင်ဘာလက ပန်းဆက်ရွာမှ ပျူစောထီးများ၊ Non CDMများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် သင်္ဘောတစ်စီးသည် ပန်းဆက်ရွာအနီး၌ နစ်မြုပ်ပြီး အများအပြားသေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ခဲ့ဖူးသည်။
ကျောက်မီးသွေးများ၊ ကျောက်စိမ်းများလည်း တင်ဆောင်လာသော ၁၂စီးပါ စစ်သင်္ဘောအုပ်စုသည် ဟုမ္မလင်းမြို့မှ ထွက်ခွာလာပြီး ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာကာ ပန်းဆက်ရွာဆိပ်တွင် ရပ်နားခဲ့သည်။ ပြန်အထွက်၌ တစ်စီးသည် သောင်ခုံနှင့်ငြိပြီး နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူအရေအတွက်ကို စစ်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းမရှိခဲ့ပေ။ သင်္ဘောနစ်မြုပ်ပြီး သေဆုံးသူရုပ်အလောင်း ၃၀ထက်မနည်းသည် ချင်းတွင်းမြစ်အတွင်းမျောပါခဲ့သည်။
ယခု စစ်သင်္ဘောအုပ်စုသည် လက်နက်ခဲယမ်းနှင့်ရိက္ခာများ၊ ဘိလပ်မြေအိတ်များ၊ရေနံနှင့် စက်သုံးဆီများကို ကုန်တင်ယာဉ်များဖြင့် တင်ဆောင်လာသည်။ တစ်စုတစ်ဝေးတည်း စုဖွဲ့သွားလာခြင်းမဟုတ်ဘဲ လေကြောင်းအကူအညီယူ၍ အသုတ်လိုက်ခွဲ၍ သွားလာနေကြသည်။
” စစ်သင်္ဘောတွေက ကနီကို ရောက်ပြီးမှ ပြန်ဆင်းသွားပြီး ရွာတွေကိုဖြစ်တာမျိုးတွေ လုပ်တယ်။ အခုအစီး၃၀ကျော်တက်လာတာ တစ်စုတည်း မရှိနေဘူး။ နယ်မြေရှင်းလင်းရေးတွေလုပ်ပြီးကာမှ လုံခြုံမယ်ထင်တဲ့နေရာမှာ အဆင်ပြေသလိုကပ်ပြီး နားကြတယ်။ ကနီနယ်ထဲကိုဖြတ်သွားတာတော့သုံးဆယ်ကျော်ပဲ။ မြစ်ကြောင်းထဲမှာ ဒီထက်များနိုင်တယ်”ဟု ကနီမြို့ခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ပန်းဆက်ရွာမှတစ်ဆင့် မင်းကင်း-ကလေးဝ- ဟုမ္မလင်းလမ်းကြောင်းအတိုင်း အထက်ဘက်သို့ ခရီးဆက်နိုင်ကြောင်းဒေသခံများက ပြောသည်။
ချင်းတွင်းမြစ်ရေတက်နေသည်ကို အသုံးချ၍ စစ်ကောင်စီက အထက်ပိုင်းဒေသများရှိ စစ်တပ်စခန်းများကို လက်နက်ခဲယမ်းနှင့်ရိက္ခာများ ပို့ဆောင်နေခြင်းဖြစ်သည်။ အဆိုပါစစ်သင်္ဘောအုပ်စုသည် ဇွန်လ ၂၈ရက် နံနက်က ဆားလင်းကြီးမြို့နယ်ကိုဖြတ်စဉ် ဘေးပတ်ဝန်းကျင်ကျေးရွာများအား ပါရာမော်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားလေးဦး သေဆုံးခဲ့သည်။
ကနီမြို့နယ်ကို ဖြတ်သန်းစဉ်ကလည်း ဂျက်ဖိုက်တာ၊ Y12လေယာဉ်၊ ပါရာမော်တာတို့ဖြင့် လေကြောင်းမှ ဗုံးကြဲပြီး စစ်သင်္ဘောအုပ်စုကလည်း စက်သေနတ်များ၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။ လူထိခိုက်မှုမရှိသော်လည်း နေအိမ်အချို့ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
ထို့ကြောင့် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများအနေဖြင့် လက်နက်ကြီးအန္တရာယ်နှင့် လေကြောင်းအန္တရာယ်သတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။
လက်ရှိတွင် ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောအစီးရေ ၃၀ကျော် ရှိနေသလို ဧရာဝတီမြစ် ကြောင်းတွင်လည်း သင်္ဘောအစီးရေ၂၀ကျော်ရှိနေသည်။ မန္တလေး ဂေါ်ဝန်ဆိပ်ကမ်းမှ ယနေ့နံနက်ပိုင်းကထွက်လာသော စစ်ကောင်စီသင်္ဘောအစီးရေ ၂၀ကျော်သည် နေ့လယ်ပိုင်းတွင် စဉ့်ကူးမြို့နယ်အတွင်း ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။


















































