Connect with us

Hi, what are you looking for?

သတင်း

မြန်မာပိုင်နက်အတွင်း ဝင်​ရောက်ဗုံးကြဲပြီး​နောက် အိန္ဒိယ​ထောက်လှမ်း​ရေးညွန်ချုပ် စစ်ကောင်စီနှင့်လာ​တွေ့

​ဒရုန်းဖြင့်ဗုံးကြဲ၍ ဒေသခံအချို့၏ နေအိမ်များပျက်စီး

အိန္ဒိယစစ်တပ်က မြန်မာနယ်စပ်ကိုဝင်​ရောက်၍ဗုံးကြဲသဖြင့် ​ဒေသခံ​နေအိမ်အ​ချို့ ပျက်စီး​နေစဥ်။ ဓါတ်ပုံ-​ CJ

ဇူလိုင်-၁၇၊၂၀၂၅။ကဖေး/People’s Spring

အိန္ဒိယ-မြန်မာနယ်စပ်မြန်မာပိုင်နက်အတွင်းဝင်​ရောက်၍ ဒရုန်းဖြင့်ဗုံးကြဲပြီး​နောက် အိန္ဒိယအစိုးရက စစ်တပ်ထိပ်တန်းအရာရှိတစ်ဦးကို နေပြည်တော်သို့စေလွှတ်ပြီး စစ်ကောင်စီနှင့်ဆွေးနွေးမှုများ ပြုလုပ်နေသည်။အဆိုပါ ဗုံးကြဲမှုတွင် ဒေသခံများ၏​နေအိမ်အချို့ ပျက်စီးခဲ့သည်။

ဇူလိုင်လ၁၃ရက်နံနက်ကစစ်ကိုင်းတိုင်း၊နာဂဒေသ၊နန်းယွန်းမြို့နယ်မှကျေးရွာအချို့ကိုအိန္ဒိယစစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့သည်။အိန္ဒိယဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ အာသံလွတ်မြောက်ရေး တပ်ဦး (ULFA-I) စခန်းရှိသည်ဟုဆိုကာ ဗုံးကြဲခြင်းဖြစ်သည်။ ကနဦးတွင် အိန္ဒိယစစ်တပ်က ၎င်းတို့တိုက်ခိုက်ခဲ့ခြင်းမဟုတ်​သေးဟုငြင်းဆိုခဲ့​သေးသည်။

နံနက် ၂ နာရီမှ နံနက် ၄ နာရီအထိ ဒရုန်းဖြင့်ဗုံးအလုံးရေ ၁၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံများ၏ နေအိမ်အချို့ပျက်စီးခဲ့သည်ဟု ‌နန်းယွန်းမြို့ဒေသခံက People’s Spring သို့ ပြောသည်။တိုက်ခိုက်မှု၌ ULFA-Iထိပ်တန်းတပ်မှူး ၃ ဦး သေဆုံးကြောင်း India Today သတင်းဌာနက ဇူလိုင် ၁၄ တွင် ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

“အိမ်တွေပျက်တယ်။ကျောင်းတွေလည်းပိတ်ထားရတယ်။နယ်စပ်ကနေလည်းအသွားအလာတွေတင်းကြပ်ပစ်လိုက်တယ်။ထိခိုက်ပျက်စီးမှုတွေကိုအိန္ဒိယကဘာမှအကူအညီမပေးဘူး”ဟုနန်းယွန်းမြို့ဒေသခံက ပြောသည်။

မြန်မာနယ်နိမိတ်အတွင်း ကျူးကျော်တိုက်ခိုက်မှုကို စစ်ကောင်စီကကန့်ကွက်ခြင်း၊ ထုတ်ပြန်ခြင်းမရှိခဲ့ပေ။

ဇူလိုင်လ ၁၆ရက်တွင်မူအိန္ဒိယတပ်မတော် ကာကွယ်ရေးဆိုင်ရာထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယစစ်ဦးစီးချုပ်(ထောက်လှမ်းရေး) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့လာရောက်ပြီး အာဏာငိမ်းဒုတိယခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တွေ့ဆုံခဲ့သည်။

နှစ်နိုင်ငံဆက်ဆံ‌ရေးတိုးမြှင့်ရေး၊ ငလျင်ဘေးကိုအိန္ဒိယနိုင်ငံမှ ကူညီခဲ့မှုများနှင့်နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်း ရေးကိစ္စများ၊ စစ်ကောင်စီကကျင်းပရန်ကြိုးပမ်းနေသည့်ရွေးကောက်ပွဲကိစ္စများကိုဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီကထုတ်ပြန်သည်။သို့​သော်မြန်မာနယ်စပ်ကိုကျူးကျော်၍တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်းရှိ၊မရှိကိုမူဖော်ပြထားခြင်းမရှိပေ။

“အိန္ဒိယကို သူ(စစ်‌ကောင်စီ)မဝေဖန်ရဲဘူး။ ဒါကိုသိတဲ့အတွက် အိန္ဒိယက ဒေသခံလူထုကို အာရုံမစိုက်တော့ဘူး။ စစ်တပ်မပြုတ်သရွေ့ အနိုင်ကျင့်ခံနေရမှာပါ”ဟုအိန္ဒိယ-မြန်မာနယ်စပ်ဒေသမှလူငယ်တစ်ဦးကပြောသည်။

အိန္ဒိယ​ထောက်လှမ်း​ရေးညွန်ချုပ် နဲ့အဖွဲ့က အာဏာသိမ်းဒု​ခေါင်း​ဆောင် စိုးဝင် ဦး​ဆောင်​သောစစ်ကောင်စီကို​တွေ့ဆုံစဥ်။ ဓါတ်ပုံ-​ စစ်ကောင်စီ

အိန္ဒိယစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နာယန်းကျေးရွာ၊ဝပ်ထမ်းကျေးရွာ၊ယောကွမ်ကျေးရွာမှ နေအိမ်အချို့ပျက်စီးခဲ့ပြီး စာသင်ကျောင်းများလည်းပိတ်ထားရသည်။

“နယ်စပ်ကိုကျူးကျော်ပြီးပစ်တာကအိန္ဒိယ က ဥပဒေချိုးဖောက်တာပါ။ ဒါကို စစ်ကောင်စီကမသိသလိုနေနေတယ်။ နိုင်ငံတကာအနေနဲ့ အရေးယူပေးစေချင်တယ်” ဟုဒေသခံတစ်ဦးကပြောသည်။

တိုက်ခိုက်မှုအပေါ် ဒေသခံများကမကျေနပ်ကြသော်လည်းနယ်စပ်ဖြတ်ကျော်ကူးသန်းရောင်းဝယ်ရေးကို အိန္ဒိယဘက်က တားမြစ်မည်ကိုစိုးသောကြောင့် လူသိရှင်ကြားမဝေဖန်ရဲကြပေ။ အိန္ဒိယစစ်တပ်ကမူ ဒေသအခြေစိုက်အရပ်ဖက်အဖွဲ့အစည်းများအား မကြာမီတွေ့ဆုံမည်ဟုသတင်းရရှိသည်။

အိန္ဒိယစစ်တပ်သည် ပြီးခဲ့သည့် မေလ ၁၄ရက်နေ့ကလည်း တမူးမြို့နယ်နှင့်ထိစပ်နေသော အိန္ဒိယ-မြန်မာနှစ်နိုင်ငံနယ်စပ်အနီးတစ်နေရာတွင် တမူးခရိုင်ပြည်သူ့ကာကွယ်အဖွဲ့မှရဲဘော်ဆယ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

အိန္ဒိယ-မြန် မာနယ်စပ် ချန်ဒယ်ခရိုင်၊ ခင်ဂျွိုင်းမြို့နယ်၊ နယူးဆမ်တဲလ်ကျေးရွာအနီး၌ အိန္ဒိယတပ်မတော်၊အရှေ့ပိုင်းစစ်ဌာနချုပ်၊ အာသံပြည်နယ်၊ အာသံရိုင်ဖယ်တပ်ဖွဲ့ကဦးဆောင်ပြီး စစ်ဆင်ရေးပြုလုပ်စဉ် လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၁၀ ဦးကို သုတ်သင်ရှင်းလင်းခဲ့သည်ဟု အိန္ဒိယဘက်ကသတင်းထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အိန္ဒိယအစိုးရအား တမူးခရိုင် ပြည်သူ့ကာကွယ်အဖွဲ့မှရဲဘော်ဆယ်ဦးသတ်ဖြတ်ခံရမှုကိုတာဝန်ယူမှုရှိစွာဖြင့် စုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူဖြေရှင်းပေးရန်၊ နစ်နာမှုများအတွက် တာဝန်ယူဆောင်ရွက်ပေးပြီး နစ်နာသူ မိသားစုများအား နစ်နာကြေးပေးဆောင်ရန်၊ နောင်တွင် အလားတူ ကိစ္စများမဖြစ်စေရေးအတွက် စီမံဆောင်ရွက်ပေးရန် ‌တောင်းဆိုထားသည်။အိန္ဒိယအစိုးရက ယနေ့အထိ ဖြေရှင်းခြင်းမရှိပေ။

ထို့အပြင် အိန္ဒိယအစိုးရသည်တမူးမြို့နယ်နှင့် ဆက်စပ်‌ နေသော နယ်စပ်ခြံစည်းရိုးကို ကာနေပြီး မြန်မာနိုင်ငံပိုင်နက်ဖက်သို့ တိုး၍ကာနေသည်။ မြေပြင်တွင် တမူးခရိုင်မှပြည်သူ့ကာကွယ်ရေးရဲဘော်များ နှင့် ​ဒေသခံများက ကန့်ကွက်တားဆီးခဲ့သလို နှစ်နိုင်ငံ နယ်ခြားစည်းညှိနှိုင်းမှု မပြီးပြတ်သေးသည့်ကာလတွင် တဖက်သတ် ခြံစည်းရိုးခတ်ခြင်းအားယာယီရပ်ဆိုင်းထားရန်လည်း NUG က တောင်းဆိုထားသည်။စစ်ကောင်စီကမူ အိန္ဒိယအစိုးရက နယ်ခြားစည်း မြန်မာဘက်တိုးကာ​နေမှုကိုလည်းနှုတ်ဆိတ်နေသည်။

အိန္ဒိယအစိုးရသည် အာဏာသိမ်းစစ်ကောင်စီကို အကာအကွယ်ပေးနေသည့် အင်အားကြီးနိုင်ငံဖြစ်ပြီး နယ်စပ်ဒေသမှာမြန်မာများနှင့် အိန္ဒိယရောက်မြန်မာရပ်ဖက်အဖွဲ့အစည်းများက ပြစ်တင်ဝေဖန်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။