Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေး၏ရင်းနှီးပေးဆပ်မှုကိုပေါ့သေးသေးမတွက်ဆဘဲစစ်အာဏာရှင်ချေမှုန်းရေး ပြတ်သားစွာ လုပ်ရန် NUG ယာယီသမ္မတပြော

နွေဦးတော်လှန်ရေးအဓိကလမ်းစဉ်ဖြစ်သောစစ်အာဏာရှင်စနစ်ချေမှုန်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးအတွက် အဆုံးထိရောက်ရှိအောင် လက်တွေ့လုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားခဲ့ပြီး ခေတ်အဆက်ဆက် အာဇာနည်များ၏ ပေးဆပ်မှုများ အလဟသ မဖြစ်အောင် ကြိုးစားရန် တိုက်တွန်းလိုက်သည်။

“နွေဦးတော်လှန်ရေးဟာ သွေးကြောင်နေသူတွေ အတွက်လျှောက်လှမ်းတဲ့လမ်းမျိုးမဟုတ်ပါဘူး။ စွန့်လွှတ် အနစ်နာခံဖို့ တွန့်ဆုတ်နေသူအတွက် သမိုင်းကဗျည်းလည်းထိုးခွင့်ရှိမှာမဟုတ်ပါဘူး”

ဇူလိုင် ၁၉၊ ၂၀၂၅။ထားမြတ်/People’s Spring

နွေဦးတော်လှန်ရေးအဓိကလမ်းစဉ်ဖြစ်သောစစ်အာဏာရှင်စနစ်ချေမှုန်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးအတွက် အဆုံးထိရောက်ရှိအောင် လက်တွေ့လုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားခဲ့ပြီး ခေတ်အဆက်ဆက် အာဇာနည်များ၏ ပေးဆပ်မှုများ အလဟသ မဖြစ်အောင် ကြိုးစားရန် တိုက်တွန်းလိုက်သည်။

ယနေ့ (ဇူလိုင် ၁၉ရက်)တွင် ကျရောက်သည့် ၇၈နှစ်မြောက် အာဇာနည်နေ့အခမ်းအနား၌ ယာယီသမ္မတက ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အာဇာနည်ဆိုသည်မှာ တိုင်းပြည်နှင့် ပြည်သူလူထုအတွက် မိမိအသက်ကိုယ်ခန္ဓာကိုစွန့်လွှတ်ပြီး တာဝန်ယူလုပ်ဆောင်ခဲ့သူများဟု အဓိပ္ပါယ်ရကြောင်းယာယီသမ္မတကပြောကြားသည်။၁၉၄၇ခုနှစ်ဇူလိုင်၁၉ ရက်က ရန်ကုန်မြို့အတွင်းဝန်ရုံး၌ တိုင်းပြည်၏ ခေါင်းဆောင်ကြီးများ လုပ်ကြံသတ်ဖြတ်ခံရခြင်းကို အကြောင်းပြုပြီး အာဏာနည်နေ့ အထိမ်းအမှတ် အသိအမှတ်ပြုခဲ့ခြင်းဖြစ်ပြီး ယင်းအသိအမှတ်ပြု အောက်မေ့ဘွယ်နေ့ရက်သည် နိုင်ငံရေးသမိုင်းဖြတ်သန်းမှုတလျှောက်လုံး၌ ထည့်ဝင်ခဲ့သည့်ကိုယ်ကျိုးစွန့်အနစ်နာခံမှုအားလုံးကိုကိုယ်စားပြုသည့်ပုံရိပ်အဖြစ်ရောက်ရှိလာပြီဟု ယာယီသမ္မတကပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင်စစ်အာဏာရှင်စနစ်လက်အောက်မှ ပြည်သူတရပ်လုံးလွတ်မြောက်ရေးအတွက် အသက်နှင့် ခန္ဓာကို ရင်းနှီးမြှုပ်နှံပြီး ပေးဆပ်ခဲ့သည့် နွေဦးတော်လှန်ရေးအာဇာနည်များစွာရှိနေဟုပြောကြားသည်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်ကျောင်းသားလူငယ်များ၏ရှစ်လေးလုံးလူထု အရေးတော်ပုံ၌အသက်ခန္ဓာအပ်နှံခဲ့သည့် သူရဲကောင်းများစွာ နိုင်ငံ့သမိုင်း၌ အထင်အရှားရှိနေသည်ဟုလည်း ယာယီသမ္မတကပြောသည်။

“ခေတ်အဆက်ဆက်မှာမတရားမှုကိုဖီဆန်တဲ့ အာဇာနည်တွေ၊လက်နက်နဲ့ဖိနှိပ်ခြင်းကိုအာခံတဲ့ အာဇာနည်တွေ အမြောက်အများ ပေါ်ထွက်ခဲ့ပြီးဖြစ်ပါတယ်။ကျနော်တို့နိုင်ငံဟာပြည်သူ့လွတ်လပ်ခွင့်ကို ဒီလိုအာဇာနည်တွေရဲ့အသက်သွေးတွေနဲ့ ရင်းနှီးပေးဆပ်ပြီးတည်ဆောက်ယူထားကြရတာဖြစ်ပါတယ်။အခုလည်းနွေဦးတော်လှန်ရေးမှာစစ်အာဏာရှင်စနစ်ကိုအာဇာနည်တွေရဲ့အသက်တွေ သွေးတွေနဲ့ ရင်းနှီးပြီး ထပ်မံတိုက်ပွဲဝင်နေတာဖြစ်ပါတယ်”ဟုယာယီသမ္မတဒူဝါလရှီးလကပြောကြားသည်။

လက်ရှိနွေဦးတော်လှန်ရေး၏ရင်းနှီးပေးဆပ်မှုများကို ပေါ့သေးသေးမတွက်ဆမိရန် အထူး အရေးကြီးကြောင်းလည်း ယာယီသမ္မတကပြောသည်။

“ကျနော်တို့ရဲ့မူလလုပ်ငန်းစဉ်ဖြစ်တဲ့စစ်အာဏာရှင် ယန္တရား ဖြိုချရေးကို တို့ကနန်း ဆိတ်ကနန်း မလုပ်မိကြဖို့ဖြစ်ပါတယ်။ဒီတော်လှန်ရေးဟာအရင်းအနှီးကြီးပါတယ်။ဒါ့အပြင် မျိုးဆက်သစ်လူငယ်တွေရဲ့ ယုံကြည်ချက်ပြင်းထန်တဲ့လူပုဂ္ဂိုလ်တွေရဲ့ အသက်နဲ့ ဘ၀ကို မတွန့်မဆုတ် ပေးအပ်ထားတဲ့ လူထုတော်လှန်ရေးကြီးဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

ထိုအပြင်သတ္တိပြောင်မြောက်သူများလျှောက်လှမ်းကြသည့် ပြည်သူ့တော်လှန်ရေးဖြစ်ကြောင်း နှင့် ရှေ့မျိုးဆက်မှခေါင်းဆောင်များအာဇာနည်ပုဂ္ဂိုလ်များသည်အလုပ်နှင့်သက်သေပြခဲ့ပြီး ဖြစ်၍လက်ရှိမျိုးဆက်သည်လည်းအလုပ်နှင့် သက်သေပြရန် ကြိုးစားနေသည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတက ပြောသည်။

အာဇာနည်များ၏ စိတ်ဓာတ်နှင့် သတ္တိကို အလေးအနက်ဦးညွှတ်ပြီးအာဇာနည်များ၏ ပေးဆပ်မှုကို အလဟသ မဖြစ်အောင် ကြိုးစားကြရန်လည်း တိုက်တွန်းသည်။

“နွေဦးတော်လှန်ရေးဟာ သွေးကြောင်နေသူတွေ အတွက်လျှောက်လှမ်းတဲ့လမ်းမျိုးမဟုတ်ပါဘူး။ စွန့်လွှတ် အနစ်နာခံဖို့ တွန့်ဆုတ်နေသူအတွက် သမိုင်းကဗျည်းလည်းထိုးခွင့်ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျနော်တို့ တတွေဟာနွေဦးတော်လှန်

ရေးအဓိက လမ်းစဉ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချေမှုန်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးအတွက် အသက်နဲ့ ဘ၀ကို အပ်နှံပြီးတာဝန်ယူ လျှောက်လှမ်းရဲတဲ့အာဇာနည်စိတ်ဓာတ်ကို ဦးညွှတ်ပြီးအဆုံးထိရောက်ရှိအောင်လက်တွေ့

လုပ်ဆောင်သွားကြဖို့”ဟု ယာယီသမ္မတက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကလည်းဖက်ဒရယ်ဒီမိုကရေစီ အိပ်မက်သည် အပြောကျယ်သလောက်အလွန်နက်ရှိုင်းကျယ်ဝန်းသည်ကို အားလုံးအသိဖြစ်ဟု ပြောသည်။

“အဓိက အရေးကြီးတဲ့အချက်ကဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်ကိုဖြိုချနိုင်မှသာဖက်ဒရယ်ခရီးဟာပိုပြီးတော့မြန်မြန်ရောက်နိုင်မယ်ဆိုတာအားလုံးလက်ခံပြီးဖြစ်မယ်လို့ ယုံကြည်ပါတယ်။ စစ်အာဏာရှင်ကိုစုပေါင်းအားနဲ့ ဖြိုချနေချိန်တချိန်တည်းမှာလည်း ကျနော်တို့ရဲ့ ပန်းတိုင်ဆီ အင်အားစု အများစုက လက်ခံလိုက်ပါနိုင်မယ့်အခင်းအကျင်း တရပ် ချဉ်းကပ်နည်းတခုနဲ့သွားနိုင်ဖို့လည်း ကြိုးစားသွားကြရမယ်လို့လည်း သုံးသပ်မိပါတယ်” ဟု ဦးအောင်ကြည်ညွန့်က ပြောသည်။

အင်အားစုတခုနှင့်တခုအကြား အဖွဲ့အစည်းတခုနှင်တခု အကြား အပြန်အလှန်အသိအမှတ်ပြုမှု တန်ဖိုးထားမှုဖြင့်ပူးပေါင်းဆောင်ရွက် သွားခြင်းသည် ညီညွတ်ရေးကို အားကောင်းစေသည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ အချင်းချင်းအကြား တွဲလက်ခိုင်ခိုင်ထားပြီး တိုင်းပြည်နှင့်လူမျိုးကို စစ်အာဏာရှင် လက်အောက်ကလွတ်မြောက်အောင် ကြိုးပမ်းသွားနိုင်မည်ဟုမျှော်လင့်ယုံကြည်ကြောင်းလည်း ဦးအောင်ကြည်ညွန့်ကပြောသည်။

နိုင်ငံတွင် ဖိနှိပ်ခြင်းနှင့် ညှင်းဆဲခြင်းဘေးဒုက္ခမှ ပြည်သူလူထုများမလွတ်မြောက်နိုင်သေးကြောင်း၊ပြည်သူတရပ်လုံး၏လွတ်လပ်ခွင့်အတွက်၊ လူ့အဖွဲ့အစည်းတခုလုံး၏တရားမျှတမှုအတွက် အားလုံးသည်ဆက်လက်တိုက်ပွဲဝင်ကြရမည်ဟု ယာယီသမ္မတက ပြောသည်။

“လက်နက်ကို အာဏာစက်သဖွယ်ကျင့်သုံးတဲ့ စစ်အာဏာရှင်စနစ် အမြစ်တွယ်နေသရွေ့ တိုင်းပြည်နဲ့လူထုဟာ ဖိနှိပ်ခံရခြင်း ဘေးဒုက္ခကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ အတိအကျ ပြောနိုင်ပါတယ်။ “ဟုလည်းယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

သတင်း

နွေဦးတော်လှန်ရေးအတွင်းမှာ ပေါ်ပေါက်လာတဲ့ စစ်ရေးရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ အမိန့်ပေးကွပ်ကဲမှု တစ်ခုတည်းအောက်မှာ စစ်ဒေသအလိုက် ဦးစီးကွပ်ကဲဖို့ ကြိုးစားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။