Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်ကြောင်းမှ စစ်သင်္ဘောအုပ်စု ကလေးဝမြို့နယ်အတွင်း ရောက်လာ

ချင်းတွင်းမြစ်ကြောင်းအတိုင်း လေကြောင်းအကူအညီဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုသည် မင်းကင်းမြို့နယ်ကို ကျော်ပြီး ကလေးဝမြို့နယ်အတွင်း ရောက်ရှိလာသည်။

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီ သင်္ဘောတစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - CRBVS

ဇူလိုင်-၁၉၊ ၂၀၂၅။ လူအေး/People’s Spring

ချင်းတွင်းမြစ်ကြောင်းအတိုင်း လေကြောင်းအကူအညီဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုသည် မင်းကင်းမြို့နယ်ကို ကျော်ပြီး ကလေးဝမြို့နယ်အတွင်း ရောက်ရှိလာသည်။

စစ်သင်္ဘောသုံးစီးအပါအဝင် စုစုပေါင်းသင်္ဘော အစီးရေ ၃၀သည် မင်းကင်းမြို့နယ် ပန်းဆက်ရွာကို ဇူလိုင် ၁၆ရက် နေ့လယ်တွင် ရောက်ရှိလာခဲ့ပြီး ယမန်နေ့(ဇူလိုင် ၁‌၈ရက်)တွင် အထက်သို့ ဆက်လက် ဆန်တက်လာခြင်းဖြစ်သည်။

“ဒရုန်းတွေနဲ့ လေယာဉ်တောက်လျှောက်ဝဲပြီး တက်လာတာ။ ကလေးဝမြို့နယ်ထဲ ဝင်လာပြီ။ ဟုမ္မလင်းအထိ တက်နိုင်တယ်။ မြစ်ကြောင်းတစ်လျှောက် ရေကြောင်းသတိပေးချက်တော့ ထုတ်ထားတယ်”ဟု ကလေးဝမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီ သင်္ဘောအုပ်စုသည် လက်နက်ခဲယမ်းနှင့်ရိက္ခာများ၊ ဘိလပ်မြေအိတ်များ၊ ရေနံနှင့် စက်သုံးဆီများကို ကုန်တင်ယာဉ်များဖြင့် တင်ဆောင်လာသည်။ ယင်းသင်္ဘောများမှာ တစ်စုတစ်ဝေးတည်း စုဖွဲ့သွားလာခြင်းမဟုတ်ဘဲ လေကြောင်းအကူအညီယူ၍ အသုတ်လိုက်ခွဲ၍ သွားလာနေကြသည်။

အဆိုပါသင်္ဘောအုပ်စုကို ဇူလိုင် ၁၆ရက်က ကနီနှင့် မင်းကင်းနယ်စပ်၌ ရှိနေစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြသည်။ ယမန်နေ့ နံနက်က ဆားလင်းကြီးမြို့နယ်ကိုဖြတ်စဉ် စစ်ကောင်စီက ဘေးပတ်ဝန်းကျင်ကျေးရွာများအား ပါရာမော်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားလေးဦးသေဆုံးခဲ့သည်။

ကနီမြို့နယ်ကို ဖြတ်သန်းစဉ်ကလည်း ဂျက်ဖိုက်တာ၊ Y12လေယာဉ်၊ ပါရာမော်တာတို့ဖြင့် လေကြောင်းမှ ဗုံးကြဲပြီး စစ်သင်္ဘောအုပ်စုက စက်သေနတ်များ၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။ လူထိခိုက်မှုမရှိသော်လည်း နေအိမ်အချို့ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများလက်နက်ကြီးအန္တရာယ်နှင့် လေကြောင်းအန္တရာယ်သတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

လက်ရှိတွင် ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကောင်စီသင်္ဘောအစီးရေ ၃၀ကျော် ရှိနေသလို ဧရာဝတီမြစ်ကြောင်းတွင်လည်း သင်္ဘောအစီးရေ ၂၀ကျော်ရှိနေသည်။ မန္တလေးမြို့၊ ဂေါ်ဝန်ဆိပ်ကမ်းမှ ထွက်လာသော စစ်ကောင်စီသင်္ဘောအစီးရေ ၂၀ကျော်အနက် ၁၂စီးသည် ယနေ့ နေ့လယ်ပိုင်းတွင် စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်ထဲသို့ရောက်ရှိလာပြီး အထက်သို့ဆက်တက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က တဆင့် အာဏာသိမ်းစစ်တပ်ရဲ့ သင်္ဘောအုပ်စု အစီးရေ ၃၀ ခန့် ဧရာဝတီမြစ်ကြောင်းအတိုင်းအထက်ဘက်ဆီမနေ့ ( စက်တင် ဘာလ ၄ ရက်) ညပိုင်းမှာ စတင်ပြီး ဆန်တက်သွား တယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စက်တင်ဘာ ၂တိုက်ပွဲ စစ်သင်္ဘော၁စီး နစ်မြုပ်၊ ၂ စီး ပျက်စီးပြီး မြေပြင်စစ်တပ်စစ်ကြောင်းတပ်လန်

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။