ဇူလိုင်-၂၁၊ ၂၀၂၅။ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခံရသော တပ်သားသစ်များ အနေဖြင့်အခွင့်သာသည့် အချိန်တိုင်းတွင် တော်လှန် ရေးအင်အားစုများထံသို ဆက်သွယ်၍ ပြည်သူ့ရင်ခွင်သို အမြန်ဆုံးကူးပြောင်းခိုလှုံရန် အမျိုးသားညီညွတ်ရေးအစိုးရက(NUG)က တိုက် တွန်းလိုက်သည်။
စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခံရသော တပ်သားသစ်များသို့ အသိပေးဖိတ်ခေါ် ချက်ကို ယနေ့(ဇူလိုင် ၂၁ရက်)တွင် ထုတ်ပြန်ပြီး စစ်ကောင်စီတပ်မှ ရုန်းထွက်ရန် ထပ်မံတိုက်တွန်းခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် လက်ပါးစေ စစ်ကောင်စီတို့သည် စစ်ရေးအရ ရှုးနိမ့်မှုများကို တန်ပြန်ရန် “ပြည်သူ့စစ်မှုထမ်းဥပဒေ”အမည်ခံကာ အတင်းအဓမ္မ စစ်သား စုဆောင်းမှုများကို ရက်စက်ကြမ်းကြုတ်စွာ ဆောင်ရွက်လျက်ရှိပြီး လူငယ် ခုနစ်သောင်း နီးပါးကို သင်တန်းပေးကာစစ်မြေပြင်များသို့ စေလွှတ်အသုံးချလျက်ရှိဟု ဖော်ပြသည်။

Public Service Announcement
မြေပြင်တွင် အလင်းဝင်လာသည့် အဓမ္မစုဆောင်းခံတပ်သားသစ်များ၏ ထွက်ဆိုချက်များအရ အကြမ်းဖက်စစ်ကောင်စီသည် အဓမ္မစုဆောင်းခံရသူများကို တိုက်ပွဲဒေသများတွင် ရှေ့ထွက် အသေခံတပ်သားများအဖြစ် ရက်စက်စွာအသုံးချလျက်ရှိသကဲ့သို့ မူးယစ်ဆေးဝါးများကို အမိန့်ပေးသုံးစွဲစေ၍ စစ်တိုက်ခိုင်းခြင်းများရှိသည်ဟု ဆိုသည်။
“ယင်းလူငယ်များ၏အသက်ကို တန်ဖိုးမထားသည်မှာ များစွာပေါ်လွင်ထင် ရှားပါသည်”ဟု NUGက ထုတ်ပြန်သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးတပ်မ တော် (KIA) အပါအဝင် တော်လှန်ရေး အင်အားစုများထံ အလင်းဝင်ကြသည့် စစ်မှုထမ်းတပ်သားသစ်များကလည်း စစ်ကောင်စီသည် ပစဟုခေါ်သည့် နည်းမျိုးစုံဖြင့် စစ်သားစုဆောင်းထားသူများကို စစ်မြေပြင်တွင်ရှေ့တန်းမှ အသေခံ တိုက်ခိုင်းနေသည်ဟု ပြောပြသည်။
ဇူလိုင် ၈ရက်ကလည်း KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃) တပ်ရင်း (၉)ထံ အလင်းဝင်လာသည့် တပ်သားစိုးဌေးအောင်က စစ်ကောင်စီက သေနတ်ထောက် စစ်သားစုဆောင်းပြီး သင်တန်းအပြီး ကရင်ပြည်နယ် စစ်မြေပြင်သို့ စေလွတ်ခံခဲ့ရဟု ပြောသည်။
ပထမအကြိမ် စစ်ကောင်စီတပ်မှ ထွက်ပြေးရာတွင် ပြန်အဖမ်းခံရပြီး အချုပ်ကျနေသော်လည်း လူအင်အားမရှိ၍ဟုဆိုကာ အချုပ်မှ ထုတ်ပြီးရှေ့တန်းသို့ ပြန်လည်တာဝန်ထမ်းဆောင်ခိုင်းကြောင်း ၎င်းက ပြောသည်။
စစ်ကောင်စီတပ်တွင် ကျန်နေသူများလည်း စစ်ကောင်စီတပ်မှရုန်းထွက်ရန် တပ်သားစိုးဌေးအောင်က တိုက်တွန်းသည်။
“စုဆောင်းရေးထဲ မပါသေးတဲ့ ညီအကိုတွေကျတော့ သူတို့ ခေါ်ရင်လွတ်အောင် ပြေးပါ။ဖြစ်နိုင်ရင်ရအောင် ရှောင်ပါ သူတို့နဲ့။ ကျနော်တို့က ခံစားခဲ့ရတော့ ကျနော်တို့ပဲ သိပါတယ်”ဟု တပ်သား စိုးဌေးအောင်က သတိပေးသည်။
ကရင်ပြည်နယ် အောင်ဇေယျ စစ်ဆင်ရေးသို့ ပို့ဆောင်ခံရသည့် ခမရ ( ၃၃၈) တပ်ရင်းမှ တပ်သားသစ်ထက်မြဝင်းကလည်း “ကျနော့်သူငယ် ချင်းတွေကိုတော့ ဒီဘက်(တော်လှန်ရေးတပ်များရှိရာ)ထဲကို လာစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ အာဏာရူးအောက်မှာ ဘာမှ မဟုတ်ဘဲ ဖိနှိပ်ခံပြီးနေမယ့်အတူတူ ဒီဘက်အထဲကို အလင်းဝင်ရောက်ဖို့ ပြောချင်ပါတယ်”ဟု ပြောကြားသည်။
ဗန်းမော်မြို့စစ်မြေပြင်မှ KIAထံ အလင်းဝင်ခဲ့သည့် ခမရ(၄၁၅)တပ်ရင်းမှ တပ်သား သုတစိုးကလည်း စစ်ကောင်စီက ပြည်သူလူထုကို နင်းပြီး ဗိုလ်ချုပ်ကြီးများ အကျိုးအတွက် အသုံးချနေကြောင်း ပြောသည်။
“အဲဒီ စခတွေ လက်အောက်မှာ ဆက်ပြီး တာဝန်မထမ်းဆောင်ပါနဲ့။ မလုပ်ပါနဲ့။ ဂျပုမင်းအောင်လှိုင်အတွက် လုံး၀အလုပ်မလုပ်ကြပါနဲ့” ဟု တပ်သား သုတစိုးက စစ်ကောင်စီတပ်တွင်းကျန်နေသူများ အမြန်ဆုံးထွက်ပြေးကြရန် တိုက်တွန်းထားသည်။
စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်း၌ အသုံးပြုခြင်း၊ပုံစံမျိုးစုံဖြင့် ဖိနှိပ်ခြင်း တို့ကြောင့် အဓမ္မစုဆောင်းခံရသော တပ်သား သစ်များသည်အခွင့်အခါသင့်သည်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မ တော်(PDF)နှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲအစည်းများထံသို ဘက်ပြောင်းခိုလှုလာမှုများ မြေပြင်တွင် တနေ့တခြား တိုးပွားလာလျက်ရှိသည်ဟု NUGက ထုတ်ပြန်သည်။
“အကြမ်းဖက်စစ်ကောင်စီဘက်တွင် ရပ်တည်လိုစိတ် မရှိသည့် ပြည်သူ့သားကောင်း များ၏ မှန်ကန်သော ရွေးချယ်မှုပင်ဖြစ်ပါသည်။
စစ်ခေါင်းဆောင်များသည် ၎င်းတိုကိုယ်ကျိုးစီးပွားနှင့် အာဏာတည်မြဲရေးအတွက် ပြည်သူများ၏ အသက်ကို မည်သည့်နည်းဖြင့်မဆို ထိုးကျွေးအသုံးချရန် လက်မရွံသည့်သူများဖြစ်သည်ကို အထင်အရှား မြင်တွေ့နေရ ပါသည်”ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မလွန်ဆန်နိုင်သော အခြေအနေများတွင် စစ်ကောင်စီ၏ အဓမ္မ ဖမ်းဆီးမှုကြောင့် တပ်သားသစ်များအဖြစ် စုဆောင်းခြင်းခံခဲ့ရသော လူငယ်များအနေဖြင့် အခြေအနေ အရပ်ရပ်ကို အစဉ်အမြဲနားစွင့်လျက် အခွင့်သာသည့်အချိန်တိုင်းတွင် ပြည်သူ့ဘက် ကူးပြောင်းလာရန် NUGက ဖိတ်ခေါ်ခဲ့ပြီး ပြည်သူ့ရင်ခွင်ထံ ကူးပြောင်းခိုလှုလာကြမည့် တပ်သားသစ်များ အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေး အဖွဲအစည်းများက နွေးထွေးစွာ ကြိုဆိုလျက်ရှိဟု အသိပေးသည်။
စစ်ကောင်စီက တရားလက်လွတ်ဆောင်ရွက်နိုင်ရန် ၎င်းတို၏ စစ်မှုထမ်းနည်းဥပဒေက ခွင့်ပြု ပေးထားသည့် အခြေအနေများကိုလည်း NUG၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါနည်းဥပဒေတွင် လိုအပ်သည့်အရေအတွက် မပြည့်မီပါက ဗဟိုအဖွဲက သတ်မှတ်ပေးသည့် နည်းလမ်းတမျိုးမျိုးဖြင့် ရွေးချယ်နိုင်ကြောင်း၊ မိသားစုအတွင်း စစ်မှုထမ်းနေသူ ရှိလင့်ကစား ကျန်အကျုံးဝင်သူများကိုလည်း ခေါ်ယူမည်ဖြစ်ကြောင်း၊ စစ်မှုထမ်း ပျက်ကွက်ပါက မိသားစုဝင်များကိုပါ အရေးယူမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းပြီးသူများအပါအဝင် မည်သူကိုမဆို အရေးပေါ် အခြေအနေအကြောင်းပြချက်ဖြင့် ဆင့်ခေါ်နိုင်ကြောင်း၊ ပြည်ပထွက်ခွာခွင့်ကိုလည်း တားမြစ်နိုင်ကြောင်း စသည့် အချက်များ ပါရှိသည်ဟု ထုတ်ပြန်သည်။
ထို့အပြင် စစ်သင်တန်းပြီးပါက စစ်ကောင်စီ၏ ကကကြည်းမှ စေလွှတ်မည့်ဒေသများသို သွားရောက်ရမည် ဖြစ်ကြောင်း ဖော်ပြထားပြီး နည်းလမ်းမျိုးစုံဖြင့်ထင်ရာစိုင်းလုပ်ပိုင်ခွင့်များကို တရားလက်လွတ်ပေးအပ်ထားကာ လူငယ် များ၏ ဘဝနှင့်အသက်ကို လောင်းကြေးထပ်ချနင်းဖျက်ဆီးလျက်ရှိဟု NUGက ဆိုသည်။
အဓမ္မစစ်မှုထမ်းအပတ်စဉ်အလိုက် လူဦးရေ ၄ ထောင်အနည်းဆုံးရရှိရန် ကြိုးပမ်းနေပြီး အပတ်စဉ်တခုနှင့်တခုလူဦးရေ ရရှိမှု မပြည့်မီသဖြင့်မြင်တွေ့သမျှ လူငယ်များကို အရှိန်အဟုန် မြှင့် အဓမ္မ ဖမ်းဆီးလျက်ရှိသည်ဟု ဖော်ပြသည်။
ထို့အပြင် နိုင်ငံတဝန်းတွင် ခရီးသွားလာခွင့်များကို တင်းကျပ်ကန့်သတ်ပြီး မြိုရွာအဝင်အထွက် များနှင့် လမ်းမများပေါ်တွင် လူငယ်များကို ပြောင်ပြောင် တင်းတင်းအဓမ္မဖမ်းဆီးလျက်ရှိသည့်အပြင် စစ်မှုထမ်းကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ်ကို နည်းပညာအသုံးပြုတည်ဆောက်နေပြီး လူငယ်များကို မှတ်တမ်းတင် စာရင်း သွင်းကာ သားကောင်များသဖွယ် ပိတ်လှောင်အသုံးချရန် အကွက်ကျကျ ပြင်ဆင် လျက်ရှိဟုလည်း အသိပေးသည်။


















































