ဇူလိုင်-၂၁၊၂၀၂၅။ဇော်ရမ်း/People’s Spring
ဗန်းမော်မြို့သို့ ဆက်တက်မည့် စစ်သင်္ဘောအုပ်စုကို တိုက်ခိုက်မည်ဖြစ်၍ သပိတ်ကျင်းနှင့် ဗန်းမော်မြို့ကြား ဧရာဝတီမြစ်ကြောင်း တစ်လျှောက် မှ ပြည်သူများအနေဖြင့် ကြိုတင်တိမ်းရှောင်ထားရန်လိုအပ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သတိပေးပြောကြားသည်။
မန္တလေးမြို့ဂေါ်ဝန်ဆိပ်ကမ်းမှ ထွက်လာသော စစ်သင်္ဘောအုပ်စုသည် ယနေ့(ဇူလိုင် ၂၁ရက်)နံနက်တွင် သပိတ်ကျင်းမြို့အနီး မလည်ကျေးရွာ၌ ရှိနေသည်။ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် သင်္ဘောအချို့ကို ပြင်ဆင်နေသည်ဟု သတင်းရရှိသည်။
အဆိုပါစစ်သင်္ဘောအုပ်စုသည် ဗန်းမော်မြို့အထိ ဆန်တက်လာနိုင်ပြီး မြစ်ကမ်းဘေးတလျောက်၌ တိုက်ပွဲများ သေချာပေါက်ဖြစ်လာမည်ဟုဗိုလ်မှူးကြီးနော်ဘူက ယနေ့နံနက်ပိုင်းတွင် People’s Springအား ပြော သည်။

Public Service Announcement
ဗိုလ်မှူးကြီးနော်ဘူက” တိုက်ပွဲကဆက်ဖြစ်မှာပါ။ သင်္ဘောတွေကို ပစ်တာက ရှိမှာပါ။ မြစ်ကမ်းကပြည်သူတွေ ရှောင်တိမ်းဖို့လိုမယ်လို့ ကျတော် ထင်ပါတယ်”ဟု ပြောသည်။
စစ်သင်္ဘောအုပ်စုသည် မန္တလေးမြို့၊ ဂေါဝန် ဆိပ်ကမ်းမှ ဇူလိုင် ၁၇ရက်က စတင်ထွက်ခွာလာခြင်းဖြစ်သည်။ စစ်သင်္ဘော(၅)စီးနှင့်ကုန်တင်သင်္ဘော (၉)စီးပါဝင်သည်။
မတ္တရာ ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ် တစ်လျှောက်တိုက်ခိုက်စဥ် လက်နက်ခဲယမ်းနှင့်ရိက္ခာများတင်ဆောင်ထားသော တွန်းသင်္ဘော (၁)စီး နစ်မြုပ်ပြီး စစ်သင်္ဘော(၁)စီးနှင့် အခြားတွန်းသင်္ဘော(၂)စီး မီးလောင်ပျက်စီးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဇူလိုင်၂၀ရက်တွင် သတင်းထုတ်ပြန်ထားသည်။
” အထိနာသွားတော့ အရပ်သားပြည်သူတွေကို မဲမှာပဲ။ ရမ်းသမ်းပစ်ခတ်တာတွေက ပိုလုပ်မှာ။ အခုလည်း စဉ့်ကူး၊သပိတ်ကျင်းတကြောမှာ Y12 တွေ၊ ဂျက်တွေ ပတ်ပျံနေတယ်”ဟု စဉ့်ကူးမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် သပိတ်ကျင်းမြို့နယ်၊ မလည်ရွာ၌ ရပ်ထားပြီး ပျက်စီးနေသော သင်္ဘောများအား ပြင်ဆင်နေသည်ဟု သတင်းရရှိသည်။
သပိတ်ကျင်းမြို့နယ်မှကျော်ပါက တကောင်း၊ထီးချိုင့်၊ ကသာ၊ ရွှေကူ မြို့တို့ကို ဖြတ်ပြီး ဗန်းမော်မြို့သို့ ရောက်ရှိမည်ဖြစ်သည်။ ဧရာဝတီမြစ်ကမ်း ဘေးတလျှောက်ဒေသခံများ လုံခြုံရေးသတိပြုကြရန် တော်လှန်ရေးအင်အားစုများက သတိပေးထားကြသည်။
ယမန်နှစ် မိုးတွင်းကာလ ဇူလိုင်နှင့် စက်တင်ဘာကလည်း ဧရာဝတီမြစ် ကြောင်းအတိုင်း ဆန် တက်လာသည့် စစ်သင်္ဘောများကို ထီးချိုင့်၊ ကသာမြို့ကြောင်းတွင် KIAနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက် ခိုက်ခဲ့ကြသည်။
ယင်းအချိန်ကလည်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများ၊လေ ကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့၍ အရပ်သားအချို့သေဆုံးခဲ့သည်။
ယခုလည်း စစ်သင်္ဘောအုပ်စုဆန်တက်နေစဉ် မြစ်ကမ်းဘေးကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲပြီး လက်နက်ကြီးများဖြင့်ပစ် ခတ်နေ၍ အရပ်သားပြည်သူသေဆုံးသူဦးရေ၂ဝ ဦး ရှိနေပြီဖြစ်သည်။


















































