ဇူလိုင် – ၂၄ ၊၂၀၂၅၊ နိုင်ပကောင်း/People’s Spring
မိုးကြီးပြီးနောက် မြစ်ရေကြီးတာ ၊ တောင်ကျရေ စီးဆင်းတာတွေကြောင့် ကရင်ပြည်နယ်အတွင်းက မြို့အချို့မှာ ရေဘေးရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ထိုင်း – မြန်မာနယ်စပ်မြို့ မြဝတီမှာဆိုရင် သောင်ရင်းမြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၉ ပေခွဲကျော်လွန်လာပြီး နောက်ရက်မှာတော့ ၃ ပေခန့် ထပ်မြင့်လာနိုင်တဲ့အတွက် မြစ်ကမ်းအနီး နဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ ရေဘေးလွတ်ရာ ဆီ ရှောင်ရှားကြဖို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မိုးဇလက သတိပေးထားပါတယ်။
မနေ့ ဇူလိုင် ၂၃ ရက်စပြီး မြဝတီမြို့ မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) ရပ်ကွက်တွေမှာ ရေကြီး လို့နေအိမ်တွေ ရေနစ်မြုပ်ခဲ့ပါတယ်။

Public Service Announcement
ရေကြီးမှုကြောင့် မြ၀တီမြို့ မှာ ရေဘေးကယ်ဆယ်ရေးစခန်း သုံး ခုထက်မနည်း ဖွင့်လှစ်ထားရပြီး အဲဒီ ကယ်ဆယ်ရေးစခန်းတွေမှာ ရေဘေးသင့်ပြည်သူ အနည်းဆုံး ၅၀၀ ကျော် ရောက်ရှိခိုလှုံနေရတယ်လို့ သိရပါတယ်။
“အမှတ် ၁ မှာ အိမ်အပေါ်ထပ်ထိပါမြုပ်နေပြီ၊ ရေတော့ငြိမ်နေတယ် ဖြည်းဖြည်းပဲတက်တယ်၊ အခုက လမ်းမကြီး(အာရှလမ်းမ)တောင် ရေကျော်သွားပြီ ” လို့ မြ၀တီမြို့ အမှတ် ၁ ရပ်ကွက်က မြို့ခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း မြ၀တီမြို့မှ သောင်ရင်းမြစ်ရေကြီးမှုကြောင့် တမြို့လုံးနီးပါး ရေနစ်မြုပ်ခဲ့ရပြီး ဒေသခံထောင်ချီ ရေဘေးသင့်ခဲ့ရပါတယ်။
အခြားမြ၀တီမြို့ခံတစ်ဦးကလည်း “တော်တော်ကြီးနေပြီး အခုက တော်တော်ဆိုးနေပြီ၊ မိုးကတော့မရွာဘူး ရေကထပ်တက်တုန်းပဲ” လို့ ပြောပါတယ်။
ကရင်ပြည်နယ် ၊ ကော့ကရိတ်နဲ့ ကျိုက်ဒုံမြို့ တွေ ရပ်ကွက်အချို့မှာတော့ တောင်ကျရေကျလာလို့ရေကြီးနေပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ထို့ကော်ကိုးတောင်ပေါ်လမ်းနဲ့ ၁၀၁၈ တောင်ပေါ်လမ်းတွေမှာ မြေပြိုမှုဖြစ်ပေါ်ခဲ့တယ်လို့ ခရီးသွားတွေက ပြောပြပါတယ်။
“ဒီနှစ် (ကော့ကရိတ်မှာ) ရေတော်တော်ကြီးတယ်” လို့ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
မြ၀တီ-ကော့ကရိတ် တောင်ပေါ်လမ်းပိုင်းဖြစ်တဲ့ ထို့ကော်ကိုးလမ်းနဲ့ ၁၀၁၈ တောင်ပေါ်လမ်းတွေမှာ တောင်ကျရေစီးဆင်းလာပြီး မြေပြိုတာကြောင့် ကားတစ်စီး ပျက်စီးသွားခဲ့ရာမှာ ကားတွေအများအပြား သွားလာလို့မရတော့အထိ ပိတ်မိနေခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက အသိပေးထားပါတယ်။
မိုးကြီးပြီး လေပြင်းတိုက်ခိုက်တာတွေကြောင့် လည်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ထဲမှာ နေအိမ်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် လူထိခိုက်မှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
သံလွင်မြစ်ရေဟာလည်း ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အနီး ရောက်လာပြီးနောက်ရက်မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်လာမယ်လို့သိရပါတယ်။
တောင်တရုတ်ပင်လယ်ပြင်က အပူပိုင်းမုန်တိုင်းဝီဖာ(Wipha)အရှိန်ကြောင့် ဇူလိုင် ၂၅ရက်အထိ ရှမ်းပြည်နယ်(အရှေ့ပိုင်းနဲ့ တောင်ပိုင်း)၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ချင်းပြည်နယ်၊ ကရင်နီ(ကယား) ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားစာနာနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက လည်း သတိပေးထားပါတယ်။
မိုးကြီးတာနဲ့အတူ လေပြင်းတိုက်ခတ်တာ ၊ လျှပ်စီးလက်တာ ၊ မိုးကြိုးပစ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာ နဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။
























































