ဇူလိုင်-၂၆၊၂၀၂၅။ရဲခေါင်/People’s Spring
မကွေးတိုင်း၊စလင်းနဲ့ဆင်ဖြူကျွန်းမြို့နယ်ကြားမှာတိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံ ကိုအောင်ဆန်းက လူထုနွေဦးကို ပြောပါတယ်။
ဇွန်လ၂၈ရက်ကနေ ယခု ဇူလိုင်နောက်ဆုံးပတ်တွေအထိ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ထိတွေ့မှုတွေရှိနေပြီး ကာကွယ်ရေးရဲဘော်တချို့လည်း ကျဆုံးထားပါတယ်။
“ဆင်ဖြူကျွန်းအနီးတဝိုက်နဲ့စလင်း-ဆင်ဖြူကျွန်း ကြားထဲမှာရော တိုက်ပွဲက တောက်လျှောက် ရှိနေတာပါ”လို့ စစ်ကောင်စီတပ်စစ်ကြောင်းကို ခုခံနေတာနဲ့ပတ်သက်ပြီး စလင်းပကဖ တာဝန်ခံက ရှင်းပြပါတယ်။

Public Service Announcement
တိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဘက်ကထိခိုက်သေဆုံးမှုတွေရှိနေပြီးထိတွေ့မှုတွေဆက်ဖြစ်နေလို့ သတင်းမထုတ်ပြန်သေးတာလို့ သူက ဆက်ပြောပါတယ်။
ဇွန်လ ၂၈ ရက်မှာ စလင်းမြို့ကနေ ဆင်ဖြူကျွန်းမြို့နယ်ကို စစ်ကောင်စီကတင့်ကား၊သံချပ်ကာယာဥ်နှစ်စီးနဲ့ အင်အား၂၀၀ခန့် အသုံးပြုပြီး စစ်ကြောင်းထိုးလာတာပါ။
စစ်ကောင်စီတပ်က စလင်းနဲ့ ဆင်ဖြူကျွန်းမြို့ကြားမှာရှိတဲ့ ကျေးရွာအချို့ကို မီးရှို့တာ၊ဒေသခံတွေကို လူသားဒိုင်းအဖြစ်အသုံးပြုတာတွေ ရှိနေလို့ သိရပါတယ်။
စစ်ကောင်စီရဲ့ စစ်ကြောင်းက ဒေသတွင်းကာကွယ်ရေးတပ်တွေရဲ့ စိုးမိုးရာ လမ်းကြောင်းကိုအင်အားသုံးနယ်မြေရှင်းလင်းတာလို့လည်း ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က သုံးသပ်ပါတယ်။
” မြို့ နှစ် မြို့ကြားမှာ သူတို့(စစ်ကောင်စီ) ယန္တရားလည်ပတ်တာတွေ ရပ်ဆိုင်းသလိုဖြစ်နေတာ”လို့ စလင်းမြို့အခြေစိုက်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် စလင်း-မိုးဝန်း-သရက်ချဥ်-ဆင်ဖြူးကျွန်းလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲဲ့က အသုံးပြုခွင့်ပိတ်ထားပါတယ်။
ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)တွေအတွက်အရေးပါတဲ့ စလင်း -ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကို အလုံးစုံထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ယခုနှစ်စကတည်းက ကြိုးပမ်းနေတာပါ။ဒါကြောင့် လစဥ် စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်လုပ်မယ့် ရွေးကောက်ပွဲအတွက် နယ်မြေရှင်းလင်းပြီး စလင်းမြို့ကို ကာကွယ်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာလို့လည်း စလင်းပကဖ တာဝန်ခံ ကိုအောင်ဆန်းက သုံးသပ်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁)နဲ့ မကွေးမြို့အခြေစိုက် ခလရ (၂၅၃၊၂၅၄ နှင့်၂၅၅)တပ်ရင်းတွေကိုသုံးပြီး စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတာပါ။


















































