Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်​ကြောင့်ဖယ်ခုံတွင်ပိတ်မိနေ၍ဆယ်ရက်​ကျော်လမ်း​လျှောက်ခဲ့ရ​သောစစ်​ဘေး​ရှောင်များကိုကယ်ထုတ်

စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်၏ ထိုးစစ်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် ပိတ်မိနေသည့်ဒေသခံ ၃၀၀ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရန် ၁၀ရက်ကျော်ကြာလမ်းလျှောက်ခဲ့ရပြီး​နောက် ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ရှောင်ကူညီရေးအဖွဲ့များက ကယ်ထုတ်ခဲ့ရသည်။

ပိတ်မိသူများအား ကယ်ထုတ်လာစဉ်

ဇူလိုင် -၂၈၊၂၀၂၅။ရဲခေါင် /People’s Spring

စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်၏ ထိုးစစ်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် ပိတ်မိနေသည့်ဒေသခံ ၃၀၀ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရန် ၁၀ရက်ကျော်ကြာလမ်းလျှောက်ခဲ့ရပြီး​နောက် ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ရှောင်ကူညီရေးအဖွဲ့များက ကယ်ထုတ်ခဲ့ရသည်။

အဆိုပါစစ်ရှောင်များကိုဇူလိုင်၂၆ရက်နှင့်၂၇ရက်တို့တွင် ကရင်နီပူးပေါင်းတပ်များကကားဖြင့် ကနဦးတင်ဆောင်ပြီးနောက် စစ်ရှောင်ကူညီရေးအဖွဲ့များက ဒီးမော့ဆို မြို့နယ်အတွင်းသို့ ဆက်လက် နေရာရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ဖယ်ခုံမြို့နယ်၊ဖယ်ခုံအင်းအရှေ့ခြမ်းမှ ကရင်နီပြည်နယ်ဘက်သို့ အစုလိိုက်တိမ်းရှောင်ခဲ့ရမှုတွင် အမှောင်ထုရှိသော ညအချိန်ကိုသာ အားပြုပြီး တဆင့်ခြင်း ဖြတ်သန်းခဲ့ရကြောင်း စစ်ရှောင်ခဲ့ရသူက ဆိုသည်။

Public Service Announcement

Public Service Announcement

“ခက်ခဲတာပေါ့။ခက်ခဲတယ်။ညမှလမ်းလျှောက်ရတာကို။နေ့လည်ဘက် သိပ်မလျှောက်ရဘူး။ည မှောင် တဲ့အချိန်မှ လမ်းဖြတ်ကူးတာတွေ လုပ်ရတယ်။ တောင်တက်တောင်ဆင်းလမ်းတွေလည်းပါတယ်။လက်နက်ကြီးနဲ့လည်းပစ်ခံရသေးတယ်။အဖိုးအဖွားတွေ၊ကလေးတွေ များတယ်”ဟု ၎င်းက ပြောသည်။

လမ်းမလျှောက်နိုင်တော့သည့် ပြည်သူအချို့မှာ ဖယ်ခုံမြို့အရှေ့ဘက်ခြမ်းတွင် ကျန်ရစ်ခဲ့ကြောင်း စစ်ရှောင်အရေးကူညီနေသူ ကိုလွမ်းက အသိပေးသည်။

“ရှိနေသေးတယ်။ထွက်လာမယ့်သူတော့ မဟုတ်တော့ဘူး။လမ်းမလျှောက်နိုင်တဲ့သူတွေ ရှိတယ်။သူ တို့ကတော့သေရင်လည်း သေပါစေဆိုပြီး နေခဲ့ကြတယ်”ဟု ကိုလွမ်းက ပြောသည်။

မိုးတွင်းကာလနှင့် အရေးပေါ် စစ်ရှောင်ရသည့် အခြေအနေကြောင့် ကယ်ဆယ်ရေးအဖွဲ့များအတွက် စက်သုံးဆီနှင့် စစ်ရှောင်ပြည်သူများအတွက် မိုးကာနှင့် ရိက္ခာခြောက်များအရေးပေါ် လိုအပ်နေကြောင်း စစ်ရှောင်အရေးကူညီနေသူများက တောင်းဆိုသည်။

ဖယ်ခုံမြို့နယ်၊ဖယ်ခုံအင်းအရှေ့ခြမ်းကျေးရွာများသည် စစ်ကောင်စီထိန်းချုပ်လိုက်သော မိုးဗြဲမြို့နှင့် လွိုင်ကော် မြို့နယ်ကြားတွင်ရှိနေသည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်တို့ သည် ညောင်ရွှေ မြို့နယ်တောင်ပိုင်းမှ တဆင့်စစ်ကြောင်းထိုးနေခြင်းမှာ ဖယ်ခုံအင်းအရှေ့ခြမ်းကို လေးဘက်လေးတန် ထွက်ပေါက်မဲ့ အခြေအနေ သက်ရောက်ခဲ့သည်။

ဇူလိုင် ၁၈ ရက်ကပင် လွိုင်ကော်၊လွိုင်လင်လေးနှင့် မိုးဗြဲ မြို့ရှိ စစ်ကောင်စီ၏ အမြောက်တပ်များ၏ ပစ်ခတ်မှုကြောင့် ဖယ်ခုံအင်းအရှေ့ခြမ်းတွင် ပိတ်မိနေသည့် ပြည်သူများအနက် ငါးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့သည်။

ဇွန်လဆန်းကစ၍ ဖယ်ခုံအင်းအရှေ့ခြမ်း ကျေးရွာများကို စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့က စစ်ကြောင်း ထိုးလာသောကြောင့် ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးခဲ့ကြရသည်။

ဖယ်ခုံအင်း၏ အရှေ့ခြမ်းကပ်လျက်တွင် ဆောင်နန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နန်းဆွတ်၊ပိန်းနဲကုန်း၊မခေးခမ်း၊ညောင်မွန်း၊ငါးမူး၊ဆင်ဖြူ၊နန်းဟူး၊ရွှေစန်း၊ကျွန်းကုန်းဝ၊ဆောင်ဒူထက်၊ဆောင်ဒူအောက်နှင့် နောင်လိုင်ကျေးရွာတို့ ရှိသည်။

အင်အား၁,၀၀၀ခန့်ပါသောစစ်ကောင်စီတပ်နှင့်PNOပြည်သူ့စစ်စစ်ကြောင်းသည် ဇွန်လ နောက်ဆုံးပတ်က ဆောင်နန်းခဲကျေးရွာ ဝင်ရောက်တပ်စွဲ ပြီး ရွာလုံးကျွတ် နီးပါးမီးရှိုခဲ့ကြောင်း ဒေသတွင်းလူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

ယမန်နေ့က ဖယ်ခုံမြို့နယ်အရှေ့တောင်ဘက် ခြမ်းရှိ ကာလရွာနှင့် နားကုန်းကျေးရွာ တို့ကို စစ်ကောင်စီတပ်နှင့် PNO တို့က မီးရှို့ဖျက်ဆီးထားသည်ဟု ဆိုသည်။

အာဏာမသိမ်းမီက လူဦးရေတစ်သိန်းကျော်ရှိခဲ့သော ဖယ်ခုံမြို့နယ်၌ ပြည်သူခြောက်သောင်းဝန်းကျင်မှာ ကာလရှည်ကြာစွာ စစ်ရှောင်နေရကြောင်း အဆိုပါအစီရင်ခံစာ၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။