ဇူလိုင်-၂၉၊ ၂၀၂၅။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရမည်ကို အစိုးရအဖွဲ့ဝင်အားလုံးနားလည်ပြီး စွမ်းဆောင်ရည်တိုးတက်စေရန် နှင့် ကိုယ်စားပြုပါဝင်မှုမြင့်တက်စေရန် ပြုပြင်ပြောင်းလဲမှုများလုပ်နေပြီဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
NUGက ပုံမှန်ပြုလုပ်လျက်ရှိသည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်ကို ယနေ့(ဇူလိုင်၂၉ရက်) ကျင်းပခဲ့ရာ ဦးနေဘုန်းလတ်က အစိုးရပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရန် ကြိုးပမ်းမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
“အမျိုးသားညီညွတ်ရေးအစိုးရ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ အပြုသဘော ဝေဖန် ထောက်ပြ အကြံပြုသူများ အားလုံးကို အထူးကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ၂၀၂၁ မှာ စတင်ခဲ့တဲ့ ပြည်သူ့နွေဦးတော်လှန်ရေးဟာ အခုဆိုရင် ၅ နှစ်တာ ကာလကို ချဉ်းကပ်ဝင်ရောက်လာခဲ့ပြီဖြစ်သလို လွန်ခဲ့သော ၅ နှစ်ခန့်ကနဲ့ မတူညီတဲ့ အခြေအနေအခင်းအကျင်းတွေလည်း ပေါ်ပေါက်လာနေပြီဖြစ်ပါတယ်။ ဒီလို ပြောင်းလဲနေတဲ့ အခြေအနေ အချိန်အခါနဲ့ ကိုက်ညီသော ပြည်ထောင်စုအစိုးရတရပ်အဖြစ် မိမိကိုယ်ကို လေ့လာသုံးသပ်ဖို့နဲ့၊ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့ကို နိုင်ငံတော်ယာယီသမ္မတ၊ပြည်ထောင်စုဝန်ကြီးချုပ်အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေ အားလုံးအနေနဲ့ နားလည်သဘောပေါက်ထားပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။

Public Service Announcement
လိုအပ်သည့် လေ့လာသုံးသပ်မှုများ၊ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်လုပ်နေသည်ဟုလည်း ပြောပြသည်။
“အမျိုးသားညီညွတ်ရေး အစိုးရကို စွမ်းဆောင်ရည် ပိုမိုတိုးတက်စေဖို့နဲ့ ကိုယ်စားပြုပါဝင်မှု ပိုမိုမြင့်တက်စေဖို့အတွက် ယခုထက်ပိုမိုတဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်လုပ်ဆောင်နိုင်ရေးကိုလည်း လေ့လာဆန်းစစ်သုံးသပ်လျက်ရှိသလို ကဏ္ဍအလိုက် ပညာရှင်တွေရဲ့ အကြံဉာဏ်တွေကိုလည်း ရယူ စုဆောင်းလျက်ရှိနေပါတယ်။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်နေမှု တွေကို ထူးခြားမှုရှိရင် ရှိသလို ပြည်သူလူထုကို အသိပေးတင်ပြသွားမှာဖြစ်ပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။
အစိုးရအဖွဲ့အတွင်း လုပ်ငန်းများပိုမိုကျစ်လျစ် ထိရောက်စေရန် ဝန်ကြီးဌာနများကို စုဖွဲ့ဆောင်ရွက်သည့် ပုံစံပြောင်းလဲ ခြင်း၊ အုပ်ချုပ်ရေးနှင့်ပတ်သက်ပြီး တိုင်းသို့မဟုတ် ဖယ်ဒရယ်ယူနစ် အုပ်ချုပ်ရေး အစိုးရအဖွဲ့များ ပေါ်ပေါက်လာရေး အထူးအလေးပေး ဆောင်ရွက်နေကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ
၏ သတင်းစကားပြောကြားချက်တွင် စစ်ကောင်စီက အဓမ္မ စစ်သားစုဆောင်းနေမှု၊ ထိုသို့ စစ်သားစုဆောင်းခံရသူများ ပြည်သူ့ဘက် ကူးပြောင်းလာရန် တို့ကိုလည်းထည့်သွင်းပြောကြားသည်။
“အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီဟာ စစ်ရေးအရ ရှုံးနိမ့်မှုတွေကို တန်ပြန်ဖို့အတွက် အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေကို ရက်စက်ကြမ်းကြုတ်စွာ ဆောင်ရွက်လျက်ရှိကာ နောက်ဆုံး ရရှိထားတဲ့ အချက်အလက်တွေအရ လူငယ် ၇သောင်းနီးပါးကို အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းပြီး စစ်သင်တန်းအဖြစ်ပေးပြီး စစ်မြေပြင်တွေကို စေလွှတ်အသုံးချလျက်ရှိနေပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။
မည်သူကိုမဆို စစ်သားစုဆောင်းနိုင်ရန် စစ်ကောင်စီက ထင်ရာစိုင်းလုပ်ဆောင်နေကြောင်း ပြောကြားပြီး ရက်စက်သည့် နည်းလမ်းများသုံး၍ အာဏာရှင်လက်ပါးစေအကြမ်းဖက် စစ်တပ်ကို အင်အားဖြည့်နေဟု ၎င်းက ပြောသည်။
” မြေပြင်မှာ အလင်းဝင်လာကြတဲ့ အဓမ္မစုဆောင်းခံတပ်သားသစ်တွေရဲ့ ထွက်ဆိုချက်တွေအရ အကြမ်းဖက်စစ်ကောင်စီဟာ အဓမ္မစုဆောင်းခံရသူတွေကို တိုက်ပွဲတွေမှာ ရှေ့ထွက်အသေခံ တပ်သားတွေအဖြစ် ရက်စက်စွာအသုံးချလျက်ရှိသလို၊ မူးယစ်ဆေးဝါးတွေကို အမိန့်ပေးသုံးစွဲစေပြီး စစ်တိုက်ခိုင်းခြင်းများလည်း ရှိနေကြာင်း သိရပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။
မလွတ်ဆန်နိုင်သည့် အခြေအနေများ၌ စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းခြင်းခံကြရသည့် လူငယ်များ အနေဖြင့် အခြေအနေ အရပ်ရပ်ကို အစဉ်အမြဲနားစွင့်လျက် အခွင့်သာချိန်တွင် တော်လှန်ရေးအင်အားစု များထံ ဆက်သွယ်၍ အမြန်ကူးပြောင်းလည်း NUGက တိုက်တွန်းခဲ့ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလိုပါက Telegram: https://t.me/MyanmarPeople (သို့) @MyanmarPeople၊ Signal: +66968847969၊ Viber: +66968847969 သို့ ဆက်သွယ်နိုင်ဟု ဖိတ်ခေါ်ထားသည်။


















































