Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့နယ်က မိုးကုတ်လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်က မိုးကုတ်မြို့သွားတဲ့လမ်းပိုင်းမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

မန္တလေးတိုင်းနဲ့ ရှမ်းမြောက် နယ်မြေခြားထားသည့် နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဩဂုတ်-၃၊၂၀၂၅။ခွန်ဖ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်က မိုးကုတ်မြို့သွားတဲ့လမ်းပိုင်းမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

နောင်ချို – မိုးကုတ်လမ်းပိုင်းက သုံးဆယ်ကျေးရွာကို စစ်တပ်ကသိမ်းပြီးနောက် အဲဒီရွာအကျော်က တော်မွန်ကျေးရွာနားမှာ တိုက်ပွဲတွေဖြစ်နေတာလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်းအတွင်းက မိုးကုတ်မြို့ဆီ စစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့ စစ်တပ်ဟာ နောင်ချို – သုံးဆယ် – ဟိုခို – မိုးကုတ်လမ်းပိုင်းက သုံးဆယ်ရွာကို ဇူလိုင် ၂၇ရက်မှာ သိမ်းရခဲ့ပြီး လက်တလောမှာ တော်မွန်ရွာနားအထိ ရောက်နေပြီဖြစ်ပါတယ်။ အဲဒီလမ်းပိုင်းက ဟိုခိုကျေးရွာဟာ ပြင်ဦးလွင် – မိုးကုတ်လမ်းပိုင်းနဲ့ နောင်ချို – မိုးကုတ်လမ်းပိုင်းရဲ့ ဆုံချက်နေရာမှာရှိပြီး နှစ်ဖက်တပ်တွေ စစ်ရေးအရအရေးပါတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဟိုခိုကျေးရွာဟာ အရင်ကတည်းက တိုင်းရင်းသားလက်ကိုင်တွေ စိုးမိုးခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။လက်တလောမှာတော့ ဟိုခိုရွာကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားပါတယ်။

“သုံးဆယ်အကျော်တွေမှာ တိုက်ပွဲတွေကြမ်းနေတုန်းပဲ။ လက်နက်ကြီးသံတွေကြားရတယ်”လို့ နောင်ချိုမြို့ခံ တစ်ဦးက ပြောပါတယ်။ ဟိုခိုရွာနဲ့ မိုးကုတ်မြို့ဟာ (၅၆)မိုင်ကွာဝေးပါတယ်။

စစ်​ကောင်စီက ဇူလိုင် ၂၉ ရက်မနက်ပိုင်းမှာ မိုးကုတ်မြို့ရဲ့လူစည်ကားတဲ့​နေရာ​တွေကို ဦးတည်ပြီးဗုံးကြဲပြီးနောက် ဩဂုတ် ၂ရက်နံနက်မှာ မိုးကုတ်မြို့အနောက်ပိုင်းက ပြည်သူတွေ အသွားအလာများနေချိန်မှာ ထပ်မံဗုံးကြဲခဲ့လို့ ပြည်သူ(၁၂)ဦးသေဆုံးခဲ့ပြီး (၁၄)ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

TNLA ၊မန္တ​လေးPDF ၊ PDF မိုးကုတ်ဗျူဟာစတဲ့ပူး​ပေါင်းတပ်​တွေက မိုးကုတ်​မြို့ကို ၁၀၂၇ စစ်ဆင်​ရေးဒုတိယလှိုင်းအတွင်း ၂၀၂၄ ဇူလိုင် ၂၄ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ် ။

TNLAကလည်း မိုးကုတ်မြို့ဆီကို ဝင်ရောက်လာနိုင်တဲ့ လမ်းပိုင်းခြောက်ခုကို ဖြတ်သန်းခွင့်ယာယီပိတ်လိုက်တယ်လို့ ဇူလိုင် ၂၈ ရက်က ကြေညာထားပါတယ်။

မိုးကုတ် – ကျောက်မဲ လမ်းပိုင်း၊ မိုးကုတ် – မိုးမိတ်လမ်းပိုင်း၊ မိုးကုတ် – စဉ့်ကူးလမ်းပိုင်း၊ မိုးကုတ် – သပိတ်ကျင်းလမ်းပိုင်း၊ ပြင်ဦးလွင် – အုမ္မသီး – အုမ္မခါးလမ်းပိုင်းနဲ့ တကောင်း – တွင်းငယ် – မိုးမိတ်လမ်းပိုင်းတွေကို ဒီကနေ့ ဇူလိုင် ၂၉ရက်ကစပြီး နောက်လ ဩဂုတ် ၅ရက်နေ့အထိလို့ ကြေညာထားပါတယ်။

အဲဒီလမ်းပိုင်းထဲက ပြင်ဦးလွင် – အုမ္မသီး – အုမ္မခါးလမ်းပိုင်းဟာ နောင်ချိုနဲ့ ပြင်ဦးလွင်လမ်းပိုင်းဖြစ်ပါတယ်။

TNLAရဲ့ ကြေညာချက်မှာတော့ မိုးကြီးပြီး လမ်းတံတားတွေ ပျက်စီး၊ယာဉ်ကြောပိတ်ဆို့နေလို့ ပြုပြင်ဖို့လို့ ဆိုထားပါတယ်။

ဒါ့အပြင် နောင်ချိုမြို့ကို ထိန်းချုပ်ထားတဲ့ စစ်တပ်က နောင်ချိုမြို့မှာနေထိုင်သူ မဟုတ်တဲ့သူတွေကို မြို့အတွင်းဝင်ရောက်ခွင့် ပိတ်ပင်ထားတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

” စာရင်းပေးရတယ်။ မြို့မှာနေတဲ့သူမဟုတ်ဘူးဆိုရင် ဝင်လို့မရဘူး။ ပြန်လှည့်ခိုင်းနေတယ်”လို့ နောင်ချိုမြို့ခံက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ နောင်ချိုမြို့က ရွှေဆိုင်ပိုင်ရှင်တွေရဲ့ နေအိမ်တွေ အပါအဝင် နေအိမ် ၂၀လောက်ကို လိုက်လံချိတ်ပိတ်နေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီက နောင်ချိုမြို့ခံတွေကို နေရပ်ပြန်လာကြဖို့ ခေါ်နေပေမယ့် မြို့ခံအများစုကတော့ စစ်တပ်ကို မယုံလို့ဆိုပြီး မပြန်ကြသေးပါဘူး။ အနည်းစုလောက်သာနေရပ်ပြန်ကြတယ်လို့နောင်ချိုမြို့ခံတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းစတင်ခဲ့တဲ့ ၂၀၂၄ ဇွန်လ ၂၅ရက်နေ့မှာဘဲ တအာင်းတပ်မတော်(TNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးအပါအဝင် PDFပူးပေါင်းတပ်တွေက တစ်ရက်တည်းနဲ့ အလွယ်တကူ သိမ်းပိုက်ခဲ့တဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက တစ်နှစ်ကြာ ထိုးစစ်ဆင်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁၅ရက်က မြို့ကို ထိန်းချုပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။