ရန်ကုန်-မန္တလေး အမြန်လမ်း၊မိုင်တိုင်၂၈၈/၇ဖာလုံက တလင်းကုန်းရဲကင်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦး သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်(အမှတ်၈တပ်ရင်း)က ပြောပါတယ်။
ဩဂုတ်၅ရက် မနေ့က မနက်၃နာရီ၄၁မိနစ်မှာ အမြန်လမ်းရဲကင်းကို ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
“ ကျွန် တော်တို့တိုက်ပွဲထဲမှာကြားတာတော့ ဗိုလ်…ဆိုပြီး သူတို့နာမည်ခေါ်ပြီး ကျသွားပြီလို့ အော်တယ်။အဲဒီဘက်က ပြန်ရတာတော့ပွဲအပြီး နှစ်ယောက် သေတယ်လို့သိရပါတယ်” လို့ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

Public Service Announcement
အဲဒီရဲကင်းဟာ မိတ္ထီလာမြို့ရဲ့ အနောက်ဘက်တည့်တည့် ၁၀မိုင်အကွာမှာရှိပြီး ရဲကင်းအတိုက်ခံရပြီးတဲ့နောက် စစ်ကား ၁၀ စီးခန့်ထွက်လာပြီး ဒီနေရာကို နယ်မြေရှင်းလင်းရေး လာလုပ်တယ်လို့ သိရပါတယ်။
“ အခုထိလည်း ဒီနေရာမှာ စစ်ကောင်စီတပ်ရဲ့ ကင်းပုံးတွေ ရှိနေတုန်းပဲ” လို့ အမှတ်(၈)တပ်ရင်း၊ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း၊မိတ္တီလာခရိုင်အမှတ်(၃)တပ်ရင်း၊မလှိုင်မြို့နယ်ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဇူလိုင် ၂၀ရက် နံနက်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၃၁၈)ကို မောင်းလာတဲ့ စစ်ကောင်စီရဲ့ လက်အောက်ခံ ရဲကားကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦး သေဆုံးခဲ့ပါသေးတယ်။
















































