ဩဂုတ်-၆၊ ၂၀၂၅။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင် စစ်သင်္ဘောအုပ်စုဆိုက်ရောက်ပြီးနောက်ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်ဖြစ်ပွားနေပြီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်နှင့် လေ့လာသူ အချို့က ပြောသည်။
ဩဂုတ်၁ရက်ကစစ်ကောင်စီ၏သင်္ဘောအုပ်စုဗန်းမော်မြို့သို့ ဆိုက်ရောက်လာပြီးနောက် စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်ဆင်မှုနှင့်အတူ စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောသည်။
” စခတွေ ထိုးစစ်ဆင်လာလို့ ဗန်းမော်မြို့ ၂နေရာမှာ တိုက်ပွဲပြင်းထန်နေတယ်။ဒီနေ့”ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
ဩဂုတ်၅ရက်တွင်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်ပြီး ယနေ့(ဩဂုတ် ၆ရက်)တွင်လည်း လေကြောင်း တိုက်ခိုက်မှု လေးကြိမ်ရှိပြီဟု သတင်းရင်းမြစ်က မွန်းလွဲပိုင်းတွင် ပြောပြသည်။
“ငါတို့လည်းတန်ပြန်ထိုးစစ်လုပ်နေတယ်”ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
ကချင်ဒေသစစ်ရေး၊နိုင်ငံရေးလေ့လာသူတစ်ဦးက “ကြားသိရသလောက် သုံးလေရက်လောက်ရှိနေပါပြီ။ စစ်ကောင်စီက နေ့စဉ်ရက်ဆက်ဆိုသလိုပါပဲ လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ ပြီးရင် မြေပြင်မှာကျတော့ အသေခံဒရုန်းတွေနဲ့ လိုက်လံ ဗုံးကြဲနေတယ်ပေါ့။ သူတို့ဘက်က မသင်္ကာတဲ့နေရာတွေကို ဒရုန်းနဲ့လိုက်ပြီးတော့ ဗုံးကြဲတိုက်ခိုက်နေတာ”ဟု ပြောသည်။
စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်နေသည့် နေရာများသည် အရပ်သားပြည် သူလူထုနေအိမ်များဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
စစ်ကောင်စီ၏ ထောက်ပို့ စစ်ရေယာဉ်ဖြင့်လက်နက်ခဲယမ်းများ ရောက်ရှိလာပြီးနောက် စစ်ကောင်စီ၏ တိုက်ခိုက်မှု ပိုပြင်းထန်လာဟု ဆိုသည်။
“ခါတိုင်းထက်သုံးလေးဆလောက် ဒရုန်းနဲ့ လိုက်လံ ဗုံးကြဲနိုင်တယ်ဆိုကတည်းက ဒီသင်္ဘောပေါ်ကနေဒရုန်းနဲ့ ပတ်သက်တဲ့ လက်နက်ခဲယမ်းတွေအမြောက်အများ သယ်ဆောင်လာတယ်ဆိုတာ သုံးသပ်ရပါတယ်”ဟု လေ့လာသူက ပြောသည်။
KIAပူးပေါင်းတပ်ဖွဲ့သည်ဗန်းမော်မြို့အပြီးသတ်သိမ်းပိုက်နိုင်ရေးကြိုးပမ်းနေခြင်းဖြစ်သည်။
၂၀၂၄ ဒီဇင်ဘာကတည်းက မြို့သိမ်းစစ်ဆင်ရေး ဖောင်ဆောင်ခဲ့ရာ ဗန်းမော်မြို့၌ ၈လကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်စခန်းအချို့နှင့်တပ်စွဲရာနေရာများကို KIA ကသိမ်းပိုက်ထားသကဲ့သို့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ခလရ(၄၇)တပ်ရင်း အပါအဝင် တပ်စခန်းနေရာများလည်း ဆက်လက်သိမ်းပိုက်နိုင်ရန် ကျန်ရှိနေသည်။


















































